စစ်တွေ-ပလက်ဝ ပြေးဆွဲမည့် ကုန်တင်ရေယာဉ် ၆စင်းကို အိန္ဒိယ လွှဲပြောင်းပေး

စစ်တွေ-ပလက်ဝ ပြေးဆွဲမည့် ကုန်တင်ရေယာဉ် ၆စင်းကို အိန္ဒိယ လွှဲပြောင်းပေး
ဓာတ်ပုံ - Embassy of India

မြန်မာအစိုးရ နှင့် အိန္ဒိယအစိုးရတို့ လက်မှတ်ရေးထိုးထားသည့် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း သဘောတူညီချက်အရ ရခိုင်ပြည်နယ် စစ်တွေ နှင့် ချင်းပြည်နယ် ပလက်ဝ ပြေးဆွဲရန် ကုန်တင်ရေယာဉ် ၆စင်းကို ဇွန်လ ၂၆ရက်က လွှဲပြောင်းပေးခဲ့သည်။

နှစ်နိုင်ငံသဘောတူညီချက်တွင် စစ်တွေတွင်ဝန်ဆောင်မှု အပြည့်ပေးနိုင်သော ဆိပ်ကမ်းတစ်ခုတည်ဆောက်ခြင်း၊ ပလက်ဝတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး စခန်းတခု တည်ဆောက်ခြင်း၊ စစ်တွေဆိပ်ကမ်းနှင့် ကုလားတန်မြစ်ကြောင်းတလျှောက် သောင်တူးခြင်း ကုလားတန်မြစ်ကြောင်းတွင် ညအချိန် ခရီးသွားလာရေးအတွက် ရေကြောင်းပြအမှတ်အသားများပြုလုပ်ပေးခြင်း   နှင့်တစ်စီးလျှင် တန်၃၀၀စွမ်းအင်ရှိသည့်ကုန်တင်ရေယာဉ်ခြောက်စီးအားပုံထုတ်ခြင်း၊ တည်ဆောက်ခြင်း နှင့်ပေးအပ်ခြင်းတို့ ပါဝင်သည်။

စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝပြည်တွင်းရေကြောင်းပို့ဆောင်ရေးစခန်း တည်ဆောက်မှုတို့ပြီးစီးရန် နောက်ဆုံးအဆင့်တို့ဆောင်ရွက်နေစဉ်တွင် စစ်တွေနှင့်ပလက်ဝ ကုန်စည်သယ်ယူပို့ဆောင်ရေး အတွက် ရည်ရွယ်သော ကုန်တင်ရေယာဉ်ခြောက်စင်းအား တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရေယာဉ်များတည်ဆောက်ရေးအတွက် စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၈၁.၂၉ သန်း (မြန်မာကျပ်ငွေ ၁၀.၅ ဘီလျံ)အား အိန္ဒိယနိုင်ငံအစိုးရမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်ဟု သိရသည်။ သင်္ဘောတည်ဆောက်ခြင်းကို ဒလသင်္ဘောကျင်း၊ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း နှင့် ဒေါပုံသင်္ဘောကျင်းတို့တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ရေယာဉ်များ၏ ဒီဇိုင်းပုံစံနှင့် ပုံထုတ်ရေးဆွဲခြင်းတို့ကို RINA Class ၏ စည်းမျဉ်းများ၊ လိုအပ်ချက်များနှင့်အညီ ပြုလုပ်ခဲ့ပြီး ရေယာဉ်များတည်ဆောက်မှုအား ရေကြောင်းညွှန်ကြားမှုဦးစီးဌာန၏ စည်မျဉ်း စည်ကမ်းများနှင့်အညီ မြန်မာနိုင်ငံ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးမှ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ယင်းအပြင် သင်္ဘောကို ၂၀၁၆ ဧပြီတွင် တည်ဆောက်ကာ ဒီဇင်ဘာလတွင် ရေချခဲ့ပြီး ရန်ကုန်မြို့တွင် စမ်းသပ်မောင်းနှင်ကာ စစ်တွေသို့ ၂၀၁၇ မတ်လတွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly