ကမ္ဘာလှည့်ခရီးသည် ၁၇၀ခန့် သယ်ဆောင်လာသော လှေတစ်စီး ကိုလံဘီယာ၌ နစ်မြုပ်

ကမ္ဘာလှည့်ခရီးသည် ၁၇၀ခန့် သယ်ဆောင်လာသော လှေတစ်စီး ကိုလံဘီယာ၌ နစ်မြုပ်

မက်ဒလင်၊ ကိုလံဘီယာ ဇွန် ၂၆ ။                  ။ ကိုလံဘီယာနိုင်ငံ မက်ဒလင်မြို့မှ မိုင်၅၀ခန့် ကွာဝေးသောအရပ်ရှိ ဂွာတာပေရေလှောင်တမံထဲ၌ ကမ္ဘာလှည့် ခရီးသည် ၁၇၀ ခန့်ကို တင်ဆောင်လာသော လှေတစ်စီးသည် တနင်္ဂနွေနေ့က နစ်မြုပ်ခဲ့မှုကြောင့် အနည်းဆုံး ၉ဦးသေဆုံးခဲ့ပြီး ၂၈ဦး ခန့် ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

“အစပိုင်းမှာ ၉၉ဦးကို ချက်ချင်းကယ်ဆယ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ၄၀ ခန့်ကို ထပ်မံကယ်ဆယ်နိုင်ခဲ့ပါ တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကိုးဦးသေဆုံးခဲ့ပြီး ၂၈ဦးခန့် ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်” ဟု မက်ဒလင်မြို့မှ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာန၏ အကြီးအကဲဖြစ်သူ မာဂါရီတာမွန်ကန်ဒါက သတင်းထောက်များကို ပြောခဲ့သည်။

ဒါ့အပြင် ကနဦးက လှေပေါ်၌ပါလာသော အရေအတွက်မှာ ၁၅၀ခန့် ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သော် လည်း ဒေသတွင်း မြို့တော်ဝန်ရုံးမှ ထုတ်ပြန်ချက်အရ နစ်မြုပ်ခဲ့သောလှေပေါ်တွင် ကမ္ဘာလှည့်ခရီးသည် ၁၇၀ ခန့် လိုက်ပါလာခဲ့ကြောင်း သူမက ဆက်ပြောခဲ့သည်။

ရေလှောင်တမံအတွင်းသို့ ကမ္ဘာလှည့်ခရီးသည်များကို လိုက်လံပြသရာတွင် အသုံးပြုသည့် လှေငယ်သည် ဒေသစံတော်ချိန် ညနေ ၂နာရီခန့်တွင် နစ်မြုပ်ခဲ့ပြီး ရှာဖွေတွေ့ရှိသော ခရီးသည်များကို   ဒေသတွင်းဆေးရုံ၌ ဆေးကုသမှုပေးနေကြောင်း သိရသည်။

“ကျနော်တို့လုပ်နိုင်တာတွေကို အပြည့်အဝလုပ်ဆောင်နေပါတယ်။ လှေကိုပိုင်ဆိုင်တဲ့ လုပ်ငန်းစုရဲ့အဆိုအရ လှေပေါ်မှာ လူ၁၅၀ခန့်ကိုပဲ တင်ဆောင်လာပါတယ်။ လှေဟာ တခြားလှေတစ်စီးနဲ့ တိုက်မိတာကြောင့် နစ်မြုပ် တာမဟုတ်ဘဲ ဒီအတိုင်းပဲနစ်မြုပ်သွားခဲ့တာလို့ သိရပါတယ်” ဟု အန်တီယိုကွီအာခရိုင်အစိုးရအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဗစ်တိုးရီးယားယူဂျင်းနီးယားရာမီရက်ဇ်က   ပြောခဲ့သည်။

လှေနစ်မြုပ်ခဲ့သော ရေလှောင်တမံသည် ဂွာတာပေမြို့နယ်မှဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည် အများအပြားလာ ရောက်လည်ပတ်သော နေရာဖြစ်ကာ လာမည့်တနင်္လာနေ့သည် ကိုလံဘီယာ၌ အားလပ်ရက်နေ့ဖြစ်သော ကြောင့် ထိုနေရာသို့ တနင်္ဂနွေနေ့တွင် ခရီးသွားအများအပြား လာရောက်လည်ပတ်ခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required