မောင်တောတွင် လူ ၄ဦး ဓားဖြင့်ခုတ်ခံရကာ ၂ဦးကို ဖမ်းဆီးခေါ်ဆောင်ခံရ၊ အခြားကျေးရွာတစ်ခုတွင် ရာအိမ်မှူးသတ်ခံရ

မောင်တောတွင် လူ ၄ဦး ဓားဖြင့်ခုတ်ခံရကာ ၂ဦးကို ဖမ်းဆီးခေါ်ဆောင်ခံရ၊ အခြားကျေးရွာတစ်ခုတွင် ရာအိမ်မှူးသတ်ခံရ

ရန်ကုန်၊ ဇွန်၂၅ ။              ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လိပ်ရှာဖွေနေသည့် လူ ၄ဦးကို ဇွန်လ ၂၄ရက် နံနက်က အမည်မသိ လူ ၈ဦးက လုံးထွေးသတ်ပုတ်မှုဖြစ်ပွားခဲ့သည်ဟု   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါ လူ(၄)ဦးတွင် တရိန်းကျေးရွာ ဦးစံသာ (၃၃) နှစ်၊ ဦးကျန်သိန်းအောင် (၂၈) နှစ်၊ ဦးအောင်ကျော် (၅၀)နှစ် နှင့် ဦးကိုကိုသိန်း (၃၉) နှစ်တို့ပါဝင်ပြီး ကြိမ်ချောင်းကျေးရွာအုပ်စု၊ တရိန်းကျေးရွာတွင် နေထိုင်သူများ ဖြစ်ကြသည်။

ဖြစ်စဉ်မှာ ကျွန်းပေါက်စုကျေးရွာအုပ်စုမှအပြန် ရေကန်ဟောင်းအနီး၌ လိပ်ရှာဖွေနေစဉ် အမည်မသိ လူ(၈) ဦးရောက်ရှိလာကာ လုံးထွေးသတ်ပုတ်မှုဖြစ်ပွားနေစဉ် အမည်မသိလူများ ထပ်မံရောက်ရှိလာသဖြင့် ဦးအောင်ကျော်အပါဝင် (၄) ဦးသည် သာယာကုန်းကျေးရွာဘက်သို့ ထွက်ပြေးခဲ့ရသည်။

ထိုသို့ထွက်ပြေးစဉ် အမည်မသိ လူ(၂) ဦးက ဓားဖြင့်လိုက်ခုတ်ခဲ့ရာ ဦးကျန်သိန်းအောင်တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ဦးစံသာနှင့်အတူ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

၎င်းတို့နှစ်ဦး၏ တိုင်တန်းချက်အရ နယ်မြေရဲကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပတ်ဝန်းကျင်ရှိ တောင်ကုန်း၊ လျိုမြောင်နှင့်အိမ်အုပ်စုများကို လိုက်လံရှာဖွေရှင်းလင်းခဲ့ရာ အခင်းဖြစ်ရာ နေရာနှင့်ကိုက် (၃၀၀) အကွာရှိ အိမ်(၇)လုံးစုတွင် နေထိုင်သူ ကာလာမျှာ (၅၅) နှစ်အားတွေ့ရှိ၍ မေးမြန်းစုံစမ်းမေးမြန်းခဲ့သည်။ ၎င်းအိမ်စုရှိ အီနုစ်(စိစစ်ဆဲ)၏ နေအိမ်သို့ အလည်ရောက်ရှိနေသော အောင်စစ်ပြင်ကျေးရွာအုပ်စု ဒုံးပိုက်ကျေးရွာမှ မောင်စိုး(စိစစ်ဆဲ)နှင့် ဆာရပ်(စိစစ်ဆဲ)တို့နှစ်ဦးသည် အခင်းဖြစ်ရာနေရာသို့ တုတ်ကိုင်၍ ဆင်းသွားကြောင်း သိရသဖြင့် ကြိမ်ချောင်းရုံး၌ ခေါ်ယူစစ်ဆေးလျက်သည်။

ဦးအောင်ကျော်ပါ (၄) ဦးကို ဓားဖြင့်ခုတ်၍ (၂) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသူ အမည်မသိလူများကို ဖမ်းဆီးရမိရေး အမှုဖွင့်စုံစမ်းရှာဖွေလျက်ရှိကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ သိရသည်။

အလားတူ ဇွန်လ (၂၄)ရက်နေ့တွင် မောင်တောမြို့နယ် ပဒင်းကျေးရွာအုပ်စု ချောင်းတကာရွာနေ ရာအိမ်မှူး အဘူဟာရှိမ်း (၅၄)နှစ်ကို ၎င်း၏နေအိမ်၌ အနက်ရောင်မျက်နှာဖုံးစွပ်ထားသည့် အမည်မသိ လူ ၁၅ ဦးခန့်က ဓားများ ကိုယ်စီကိုင်ဆောင်လာပြီး ဓားဖြင့်ခုတ်ရာ အခင်းဖြစ်ရာ နေရာ၌သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly