မြန်မာ့ပညာရေး အရည်အသွေးရော အရေအတွက်ပါ ကျဆုံးနေဟုဆို

မြန်မာ့ပညာရေး အရည်အသွေးရော အရေအတွက်ပါ ကျဆုံးနေဟုဆို

ရန်ကုန် ဇွန်၂၄ ။                ။ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝန်ထမ်းအောင်စာရင်းအရ မြန်မာ့ပညာရေးမှာ အရည်အသွေးရော အရည်အချင်းပါကျကျရှုံးနေကြောင်း ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံဆိုင်ရာကွန်ရက် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်သူသူမာက မဇ္ဈိမ၏ Dialouge အစီအစဉ်တွင် ပြောသွားခဲ့သည်။

ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲအောင်ချက်မှာ ၃၃ရခိုင်နှုန်းပတ်ဝန်းကျင်တွင်သာ ရှိနေခြင်းက အရေအတွက်အရ ၇၀ရာခိုင်နှုန်းနီးပါး ကျဆုံးနေကြောင်း ၎င်းက ထောက်ပြသည်။

ထို့အပြင် အလွတ်ကျက်စနစ်ဖြင့် ဖြေဆိုရခြင်း၊ ရမှတ်အပေါ် ရာနှုန်းပြည့် အခြေခံ၍ တက္ကသိုလ်ရွေးချယ်ခြင်းများက အရည်အသွေးကျဆုံးခြင်းများဖြစ်သည်ဟု လည်းဆိုသည်။

အလွတ်ကျက်ဖြေဆိုရခြင်းကြောင့် ကျောင်းသားများ၏ တီထွင်ဖန်တီးမှုများ၊ ပြသနာဖြေရှင်းနိုင်စွမ်းများ၊ လွတ်လပ်စွာတွေးခေါ်ရွေးချယ်ခွင့်များ ကျဆုံးနေသည်ဟု ဒေါ်သူသူမာကပြောသည်။

“အမှတ်နဲ့ကန့်သတ်တာကိုက မှားတယ်လို့ပြောချင်တာ။ လူငယ်တွေတင်နစ်နာတာမဟုတ်ဘူး။ မိဘတွေပါ ဝန်ထုပ်ဝန်ပိုးဖြစ်တာ။ နိုင်ငံတော်ကလည်း ဒီပညာရေးအတွက်စာမေးပွဲအတွက် ပိုက်ဆံတွေရှိသလို ကိုယ့်ကလေး စာမေးပွဲအောင်ဖို့အမှတ်များများရဖို့ စိုက်ထုတ်လိုက်ရတဲ့ မိဘတွေရဲ့ ဝန်ထုပ်ဝန်ပိုးကြီးကလည်းရှိတယ်။ ဒါပေမယ့်အောင်ဖို့ကတော့အရမ်းခက်တယ်။ ကျမရဲ့ အမြင်ကျတော့ အောင်တဲ့သူရော ကျတဲ့သူရော ကိုယ့်အတွက်ရေရှည်မှာ တကယ်ရော အရည်အသွေးရှိတဲ့ပညာကို ရခဲ့ရဲ့လား” ဟု ပြောသွားခဲ့သည်။

ပါဝင်ဆွေးနွေးခဲ့သည့် မြန်မာစာပါမောက္ခ စာရေးဆရာမောင်သာချိုကလည်း လူငယ်တစ်ယောက်အနေဖြင့် နောက်တစ်ဖန်ကြိုးစားခွင့်မရသည့် အမှတ်ဖြင့်တက္ကသိုလ်လိုင်းခွဲသော ပညာရေးစနစ်ကို မကြိုက်ကြောင်းနှင့် ပြင်ဆင်သင့်ကြောင်းပြောသည်။

မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှုး ဒေါက်တာ အာကာမိုးသူကလည်း မြန်မာ့ပညာရေးစနစ်၏ သင်ရိုးညွှန်းတန်းများတွင် စဉ်းစားစဉ်ခြင်မှုကိုအားမပေးဘဲ သင်ရိုးညွှန်းတန်းကိုယ်၌က ကျောင်းသူကျောင်းသားကို အကျဉ်းအကျပ်ထဲရောက်အောင် တွန်းပို့မိသလိုဖြစ်နေကြောင်းပြောသည်။

ဒါ့အပြင် အဆင့်မြင့်ပညာကဏ္ဍ၂၀၁၇ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖေါ်ရေး နှီးနှောဖလှယ်ပွဲကို ဇွန်လ၂၄ရက်က ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမတွင် စတင်ပြုလုပ်နေသော်လည်း အမှတ်စာရင်းပေါ်အခြေခံ၍ တက္ကသိုလ်လိုင်းခွဲသည့်စနစ်ကို ပထမနေ့တွင် မဆွေးနွေးဖြစ်သေးကြောင်း ပါဝင်ဆွေးနွေးခဲ့သူ ပြည်သူ့လွှတ်တော် ပညာရေးပြုပြင်ပြောင်းလဲရေး ရေးရာကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက မဇ္ဈိမကိုပြောသည်။

ပထမနေ့အစည်းအဝေးတွင် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖေါ်ရေးဆိုင်ရာ စာတမ်း၅စောင် ဖတ်ကြားခဲ့ကြပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ပညာရေးမြှင့်တင်ရေး ရေးရာကော်မတီဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ဝန်ကြီးနှင့်ဒုဝန်ကြီး၊ မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်မှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

အမှတ်စာရင်းပေါ်အခြေခံ၍ တက္ကသိုလ်လိုင်းခွဲသည့်စနစ်ကို ပြင်ဆင်ရေးကိုမူ အဆင့်မြင့်ပညာရေးဥပဒေ ထွက်လာမှသာ အကောင်အထည်ဖေါ်နိုင်မည်ဖြစ်ပြီး အဆိုပါ အဆင့်မြင့်ပညာရေးဥပဒေကြမ်း လွှတ်တော်သို့ရောက်လာရန် ယခုနှီးနှောဖလှယ်ပွဲက အထောက်အပံ့ ဖြစ်ကောင်းဖြစ်လာနိုင်ကြောင်း ဦးရွှေလှဝင်းကပြောသည်။

ယခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်ချက်သည် ၃၃ဒသမ၈၉ ရာခိုင်နှုန်းကျော်ရှိပြီး ယခင်နှစ်ထက် ပိုများလာသည်ကိုတွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required