ကိုလံဘီယာသူပုန်များလက်ထဲမှ ပြန်လွတ်လာသော ဒတ်ချ်သတင်းစာဆရာနှစ်ဦး အခြေအနေကောင်းမွန်ဟု အရာရှိများပြော

ကိုလံဘီယာသူပုန်များလက်ထဲမှ ပြန်လွတ်လာသော ဒတ်ချ်သတင်းစာဆရာနှစ်ဦး အခြေအနေကောင်းမွန်ဟု အရာရှိများပြော

ဘိုဂိုတာ ဇွန် ၂၅ ။             ။ ကိုလံဘီယာနိုင်ငံအရှေ့မြောက်ပိုင်းရှိ ပြောက်ကျားသူပုန်များလက်ထဲမှ ပြန်လွတ်လာသော ဒတ်ချ်လူမျိုး သတင်းစာဆရာနှစ်ဦးသည် အခြေအနေကောင်းမွန်ကြောင်းနှင့် အိမ်သို့ချက်ချင်း ပြန်သွားချင်နေကြကြောင်း အာဏာပိုင်များက စနေနေ့တွင် ပြောခဲ့သည်။

ဒါ့ခ်ယိုဟန်းနက်စ်ဘော့တ်နှင့် သူ၏ ကင်မရာသမား ယူဂျင်းနီယိုအားနက်စ်မာရီဖော်လန်ဒါတို့သည် လွန်ခဲ့သော အပတ်က အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) သူပုန်အဖွဲ့၏   ပြန်ပေးဆွဲခြင်းကိုခံခဲ့ရပြီး လူသားချင်း စာနာမှုဆိုင်ရာ ကော်မရှင်အဖွဲ့၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ဒေသစံတော်ချိန် သောကြာနေ့ ညလယ်ခေါင်၌ ပြန်လည်လွတ်မြောက်လာခဲ့သည်။

“သူတို့နှစ်ယောက်ဟာ ပြန်လည်လွတ်မြောက်လာတဲ့အတွက် အလွန်ကိုဝမ်းသာပျော်ရွှင်နေကြပါတယ်။ သူတို့ကို ကောင်းမွန်စွာထားကြောင်းနဲ့ ကျန်းမာရေးလည်း ကောင်းမွန်တယ်လို့သိရပါတယ်” ဟု အရှေ့မြောက် ပိုင်းရှိ နော်တီဒီဆန်တန်ဒါခရိုင်မှ အစိုးရအရာရှိဖြစ်သူ ဂျော်ဂျီဗီလာမီဇာက ပြောခဲ့သည်။

အဆိုပါဒတ်ချ်အမျိုးသားနှစ်ဦးသည် လွန်ခဲ့သောအပတ် စနေနေ့က အယ်လ်တာရာမြို့နယ်တွင် သူပုန်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သူတို့သည် ကိုလံဘီယာသို့ လာရောက်စဉ်အတွင်း အတွေ့အကြုံကောင်းများရရှိခဲ့ ကြောင်းနှင့် ELN သူပုန်အဖွဲ့၏ ဖမ်းဆီးမှုကိုခံရမယ်လို့ တစ်ခါမှမတွေးခဲ့ဖူးကြောင်း သူတို့ကပြောခဲ့သည်။

ဘော့တ်နှင့် ဖော်လန်ဒါတို့သည် ဒတ်ချ်ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်သော လူပျောက်ရှာဖွေသည့် အစီအစဉ် တစ်ခုဖြစ်သည့် “Spoorloss” အစီအစဉ်အတွက် အလုပ်လုပ်ပေးနေသူများ ဖြစ်ကြပြီး နယ်သာလန်နိုင်ငံမှ စုံတွဲ တစ်တွဲ၏ မွေးစားခြင်းခံခဲ့ရသော ကိုလံဘီယာမိန်းမငယ်လေး၏ မွေးမိခင်ကိုရှာဖွေရန် သူမ၏မွေးရပ်မြေသို့ သွားခဲ့ခြင်းဖြစ်ကြောင်း ဒတ်ချ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လွန်ခဲ့သောအင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

သတင်းစာဆရာနှစ်ဦးသည် လက်ရှိတွင် နော်တီဒီဆန်တန်ဒါခရိုင်၏မြို့တော် ကူကူတာမြို့တွင် ဆေးကုသမှုခံ ယူနေပြီး နယ်သာလန်နိုင်ငံသို့ မြန်နိုင်သမျှ မြန်မြန် ပြန်သွားချင်နေကြကြောင်း အစိုးရအရာရှိ ဗီလာမီဇာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly