ဘိုဂိုတာ (ကိုလံဘီယာ) ဇွန် ၂၅ ။ ။ ကိုလံဘီယာနိုင်ငံအလယ်ပိုင်းရှိ တရားမဝင်ကျောက်မီးသွေးတွင်း၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ၈ဦးသေဆုံးခဲ့ပြီး ၅ဦးခန့် ပျောက်ဆုံးနေကာ ကယ်ဆယ်ရေးသမားသည် ခက်ခက်ခဲခဲ ရှာဖွေနေရ ကြောင်း အာဏာပိုင်များက စနေနေ့တွင် ပြောခဲ့သည်။
ပေါက်ကွဲမှုသည် ကန်ဒီနာမာကာပြည်နယ်ရှိ ကူကူနူဘာမြို့မှ ကျောက်မီးသွေးတွင်း၌ ပြီးခဲ့သော သောကြာနေ့ ဒေသစံတော်ချိန် ည ကိုးနာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုကြောင့် လူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။ ဒါ့အပြင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကိုလည်း မသိရှိရသေးကြောင်း အရာရှိများက ပြောခဲ့သည်။
ပျောက်ဆုံးနေသူများကို ရှာဖွေရန်အတွက် မိုင်းလုပ်သား ၃၅ဦးနှင့် အင်ဂျင်နီယာ ၇ဦး ပါဝင်သော ကယ်ဆယ် ရေးအဖွဲ့က နာရီနှင့်အမျှ အလုပ်လုပ်နေကြကြောင်း နိုင်ငံတော်ဓာတ်သတ္တုတူးဖော်ရေး အေဂျင်စီက ဖော်ပြခဲ့ သည်။
“ပျောက်ဆုံးနေတဲ့ လုပ်သားများကို ရှာဖွေဖို့အတွက် ကျနော်တို့ဟာ တစ်ညလုံးအလုပ်လုပ်နေရပြီး လက်နဲ့ပဲ အပျက်အစီးများကို တူးဖော်ဆွဲထုတ်နေရပါတယ်” ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ ဒါရိုက်တာ ဝီလ်ဆင် ဂါစီယာက ပြောခဲ့သည်။
သမ္မတဟွမ်မန်နျူရယ်ဆန်းတို့စ်က ပေါက်ကွဲမှုအတွင်း ထိခိုက်ခံစားခဲ့ရသူများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်း ကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။
ကိုလံဘီယာနိုင်ငံတွင် မကြာသေးသော နှစ်များအတွင်း တရားမဝင် ဓာတ်သတ္တုရှာဖွေမှုများ တဟုန်ထိုးမြင့် တက်လာနေသည်။
နိုင်ငံတော်ဓာတ်သတ္တုတူးဖော်ရေး အေဂျင်စီ၏ ဖော်ပြချက်အရ ကိုလံဘီယာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း သတ္တုတွင်း မတော်တဆဖြစ်ပွားမှုများကြောင့် ၂၃ဦးသေဆုံးပြီး ၃၃ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းမတော်တဆဖြစ်ရပ်များထဲမှ ၆ရာခိုင်နှုန်းခန့်မှာ ကျောက်မီးသွေးတွင်းများ၌ ဖြစ်ပွားခြင်းဖြစ်သည်။