အစိုးရမှ ဦးစီးကျင်းပသည့် ငြိမ်​းချမ်​း​ရေးဂီတပွဲ​တော်​အတွက်​ ပြင်ပငွေဖြင့် ကျင်းပမည်

အစိုးရမှ ဦးစီးကျင်းပသည့် ငြိမ်​းချမ်​း​ရေးဂီတပွဲ​တော်​အတွက်​ ပြင်ပငွေဖြင့် ကျင်းပမည်
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ဇွန်၂၄ ။                ။ ငြိမ်းချမ်းရေးဂီတပွဲတော် ပြုလုပ်ရန်အတွက်နိုင်ငံတော်မှ ဘတ်ဂျက် မထုတ်ပေးထားသောကြောင့် ပြင်ပမှ စပွန်ဆာရှာကာ ကျင်းပသွားမည်ဟု  မြန်မာအသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။

ငြိမ်းချမ်းရေးဂီတပွဲတော်နှင့်ပတ်သက်၍ ရန်ကုန်မြို့ မြန်မာအသံနှင့်ရုပ်မြင်သံကြားဝင်း၌ ပြုလုပ်သည့် သသတင်းစာရှင်းရှင်းလင်းပွဲတွင် ယနေ့ ဇွန်၂၄ ရက်နေ့တွင် ပြောခဲ့ခြင်းဖြစ်သည်။

"ဘတ်ဂျက်မရှိပါဘူး။  နိုင်ငံတော်က ဘတ်ဂျက်တောင်းထားတာမရှိပါဘူး ။ ကျွန်တော်တို့အနေနဲ့ဘာလုပ်လဲဆိုတော့ ရုပ်သံမီဒီယာတစ်ခုဖြစ်တဲ့အတွက် အပြင်က စပွန်ဆာကိုရှာရပါတယ်"ဟု မြန်မာအသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။

စပွန်ဆာများအနေဖြင့် စကိုင်းနက်၊ ရွှေစင်စြင်္ကာ၊ MITV၊ MRTV 4၊ Channel 7၊ ဉာဏ်ဉာဏ်(လှည်းတန်း) တို့က ကူညီထားပြီး ပရီမီယာကော်ဖီမှ ဒိုင်းမွန်းစပွန်ဆာအဖြစ်  ကျပ်သိန်းငါးထောင် ပါဝင်ထားသည်။

အဆိုပါ ပြိုင်ပွဲအတွက် ပထမဆုအနေနှင့် သိန်း၃၀၀၊ ဒုတိယဆု သိန်း၂၀၀ ၊ တတိယဆု သိန်း၁၀၀ နှင့် သိန်း ၃၀ နှစ်သိမ့်ဆု (၇)ဆု ဖြင့် စုစုပေါင်း(၁၀)ဆု ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲအတွက် ဇွန်လ ၂ ရက်နေ့မှစတင်ကာ သတ်မှတ်နေရာများ၌ ရုံးချိန်အတွင်း လျှောက်လွှာများ အခမဲ့ ထုတ်ယူနိုင်သည်။ လျှောက်လွှာများအား  ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ် ၁၂နာရီ နောက်ဆုံးထားပြီး   ပြန်လည် တင်ပေးရမည် ဖြစ်သည်။ Level1 အဆင့်ပြိုင်ပွဲအား ဇူလိုင်လ ၉ ရက်တွင် တောင်ကြီးမြို့တွင် ပြုလုပ်မည် ဖြစ်ပြီး မြစ်ကြီးနား၊ မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ ကလေး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်တွေ မြို့တို့တွင်ရှိသော ပြန်/ဆက်ရုံးများနှင့် MRTV ရုံးများတွင် လျှောက်ထားနိုင်သည်။ ပြိုင်ပွဲအသေးစိတ်အား www.facebook.com/peacemusicfestival တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

ပွဲစဉ်အနေဖြင့် စုစုပေါင်း (၁၇)ပွဲကို ရက်သတ္တပတ် တစ်ပတ်လျှင် တစ်မြို့နှုန်း တင်ဆက်သွားမည်ဖြစ်သည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ငြိမ်းချမ်းရေးဂီတပွဲတော်တွင် ပထမ အဆင့်များကို ဒိုင်များ၏ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး နောက်ပိုင်း (၁၀)ယောက်အဆင့်တွင်မူ ပရိသတ်၏ မဲပေးမှုဖြင့်ပါ ရွေးချယ်နိုင်မည်ဖြစ်သည်။

"ဒီပြိုင်ပွဲဟာ ပရိသတ်ဆန္ဒနဲ့ အကဲဖြတ်ဒိုင်တွေရဲ့ရွေးချယ်မှု ပေါင်းစပ်ထားတဲ့ပွဲ ဖြစ်ပါတယ်" ဟု Myanmar Pro အဖွဲ့၏ ဒုဥက္ကဋ္ဌ ဦးမြင့်မိုးအောင်က ဆိုသည်။

ငြိမ်းချမ်းရေးဂီတပွဲတော် ပြိုင်ပွဲတွင် အဆင့် ၄ခု ပါဝင်မည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် မြို့ကြီး(၁၀)မြို့မှာ ပြုလုပ်မည်ဖြစ်သည်။ ဒုတိယအဆင့်ကို အဆင့်(၁) မှရွေးချယ်လိုက်သော လူ(၃၀)မှ (၄၀)ကြားကို အဆင့် (၂)မှာ ပါဝင်ယှဉ်ပြိုင်စေမည်ဖြစ်သည်။အဆင့်(၃)ကိုတော့ နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် ပြုလုပ်မည်။

ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်  အဆင့်(၄)ကို ရန်ကုန်မြို့၌ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ပြုလုပ်နိုင်ရန် စီစဉ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required