ကျောင်းတွင်းအလုပ်အကိုင်ပြပွဲကြောင့် ကျောင်းသားအများစု လွယ်ကူစွာ အလုပ်ရရှိ

ကျောင်းတွင်းအလုပ်အကိုင်ပြပွဲကြောင့် ကျောင်းသားအများစု လွယ်ကူစွာ အလုပ်ရရှိ

ရန်ကုန်၊ ဇွန် ၂၄ ။                ။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC)တွင် နှစ်စဉ်ကျောင်းတွင်းအလုပ်အကိုင်ပြပွဲ ကျင်းပသောကြောင့် ကျောင်းသားရာနှုန်း အတော်များများ အလုပ်အကိုင်ကို လွယ်ကူစွာ ရရှိနေကြကြောင်း NMDC ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်ထွေးက ပြောသည်။

ဇွန်လ ၂၄ရက်နေ့က ကျင်းပသည့် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၏ တတိယအကြိမ်မြောက် အလုပ်အကိုင်ပြပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

"ကျောင်းတွင်း အလုပ်အကိုင်ပြပွဲတွေကို ကျင်းပတဲ့ရလဒ်ကတော့ ၇၀ရာခိုင်နှုန်းသော ကျောင်းသားကျောင်းသူ တွေဟာ အလုပ်သင်အစီအစဉ်နဲ့ အချိန်ပြည့်အလုပ်တွေကို ရရှိခဲ့ကြပါတယ်။ အခုဝင်ရောက်ပြသတဲ့ ကုမ္ပဏီတွေမှာလည်း ကျွန်မတို့ ကျောင်းသားကျောင်းသူဟောင်းတွေ ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေလည်း ပါဝင်နေတာကို   တွေ့ရပါတယ်"ဟု   ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်ထွေးက ပြောသည်။

အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၏ အလုပ်အကိုင်ပြပွဲကို နှစ်စဉ် ကျင်းပလာသည်မှာ တတိယအကြိမ် တိုင်ခဲ့ပြီဖြစ်ပြီး ကျောင်းအုပ်ကြီးနှင့် အတာဦးကုမ္ပဏီမှ ဒါရိုက်တာဦးအောင်၏ လမ်းညွန်မှုဖြင့် NMDC Students' Union က ဦးစီးကျင်းပခြင်းဖြစ်သည်။

"ဒီလိုအလုပ်အကိုင်ပြပွဲတွေကို ကျောင်းသားတွေက ကိုယ်တိုင်ဦးစီးလုပ်တဲ့အခါကျတော့ ကုမ္ပဏီတွေရှေ့မှာ လည်း ကိုယ့်အစွမ်းအစကို ပြသနိုင်သလို ဖြစ်တဲ့အတွက် ကောင်းပါတယ် "ဟု တတိယအကြိမ် အလုပ်အကိုင်ပြပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုထက်မြတ်ထွန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲတွင် စီးပွားရေး၊ နည်းပညာ၊ဆက်သွယ်ရေး၊မီဒီယာ၊ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အစရှိသည့်နယ်ပယ်များမှ နာမည်ရ ကုမ္ပဏီပေါင်း ၃၁ ခု ဝင်ရောက်ပြသခဲ့ပြီး ကျောင်းနှင့် တရားဝင် ချိတ်ဆက်ထားသည့် Unilever နှင့် Telenor ကဲ့သို့သော ကုမ္ပဏီများလည်း ပါဝင်ပြသခဲ့သည်။ MMRD၊ ကိုကာကိုလာ၊ CB Bank အပါအဝင် မဇ္ဈိမသတင်းဌာနမှ မီဒီယာပါတနာအဖြစ် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required