ဝရမ်းပြေးအောင်ဝင်းခိုင်ကို ကူညီခဲ့သူ ရဲထွဋ်လှှိုင်် တရားလိုပြသက်သေဖြစ်လာ

ဝရမ်းပြေးအောင်ဝင်းခိုင်ကို ကူညီခဲ့သူ ရဲထွဋ်လှှိုင်် တရားလိုပြသက်သေဖြစ်လာ
 ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းထားသူများကို ဇွန် ၂၃ ရက်နေ့က  ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးသို့ ခေါ်ဆောင်လာစဉ် (ဖြိုးသီဟချို/Myanmar Now)
 

ရန်ကုန်(Myanmar Now) -  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှှုတွင် အဓိကပါဝင်ခဲ့သူဟုစွပ်စွဲခံထားရသောဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင် ထွက်ပြေးတိမ်းရှောင်စဉ် ပါဝင်ကူညီခဲ့သည့် ရဲထွဋ်လှှိုင်ကို အမှှုတွင် တရားခံမဟုတ်ဘဲ တရားလိုပြသက်သေအဖြစ် စာရင်းသွင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။ 

ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်များအရအမှှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ တပ်မတော်ထောက်လှမ်းရေးအရာရှိဟောင်း   ဇေယျာဖြိုး၏ညီဖြစ်သူ ရဲထွဋ်လှိုင်သည်   အောင်ဝင်းခိုင်အား   နေပြည်တော်ရှိ သူ၏ရောင်ဝါဖြိုးကုမ္ပဏီရုံးရှိရာသို့ ဦးကိုနီလုပ်ကြံခံရပြီး နောက်တစ်နေ့ ဇန်နဝါရီ ၃ဝရက်နေ့တွင် ရန်ကုန်မှကားဖြင့် ခေါ်ဆောင်ခဲ့သူဖြစ်ပြီး၊ အောင်ဝင်းခိုင်သည် ထိုရုံးတွင်ပင် ဖုန်းနှစ်လုံး၊ စာရွက်စာတမ်းများကို မီးရှို့ ဖျက်ဆီးခဲ့သည်။ 

ထို့နောက်ရဲထွဋ်လှှိုင်ကပင် အောင်ဝင်းခိုင်ကိုမကွေးမြို့သို့သွားရန် လိုက်ပို့ပေးစဉ်တွင် နေပြည်တော် ပရဆေးဥယျာဉ်ရှေ့တွင် ရပ်တန့်စေပြီးကားပေါ်မှ အောင်ဝင်းခိုင် ဆင်းသွားခဲ့သည်ဟု   ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ဦးကိုနီလုပ်ကြံခံရမှုတွင်လိုက်ပါဆောင်ရွက်နေသူရှေ့နေကြီးဦးနေလကရဲထွဋ်လှိုင်မှာတရားခံလွတ်မြောက်ရေးအားပေးကူညီသူဖြစ်သည့်အတွက် အောင်ဝင်းခိုင် လွတ်မြောက်နေသည့် အခြေအနေနှင့် ပတ်သက်၍ သူ့အားအဓိကသက်သေအဖြစ်စစ်ဆေးစေလိုကြောင်းပြောသည်။ 

“ခုသူကတရားလိုသက်သေစာရင်းထဲမှာပါတယ်။  အဲဒီ့အပိုင်းနဲ့ပတ်သက်ပြီးတော့ အခုစစ်ဆေးဖို့တင်ပြတဲ့ အခါမှာဥပဒေရုံးရဲ့ သဘောထားကတော့ ကျန်တဲ့ အမှုနဲ့ ဆက်လက်စစ်ဆေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့ သဘောထားကတော့ အမှုအကြောင်းချင်းရာ မဟုတ်ဘဲနဲ့  တရားခံပြေးဖမ်းဆီးရမိရေးဖြစ်တဲ့အတွက်ကြောင့် တရားခံပြေးဖမ်းဆီးရမိရေးအမှုမှာသက်သေအဖြစ် စစ်ဆေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်” ဟုဦးနေလကပြောသည်။ 

ဇွန်လ ၂၃ ရက်နေ့ကအင်းစိန်မြို့နယ်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင်  ပြုလုပ်ခဲ့သော ဦးကိုလုပ်ကြံခံခဲ့ရမှှု စစ်ဆေးကြားနာသည့် ၁၂ ကြိမ်မြောက် ရုံးချိန်းတွင် မှှုခင်းရဲတပ်ဖွဲ့ ရဲမှူးတင်မောင်ဆွေက အောင်ဝင်းခိုင်ကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေသော်လည်း ယခုအချိန်ထိ ဖမ်းဆီးရရှိမှု မရှိသေးဘဲ လွတ်မြောက်နေကြောင်း၊ ဖမ်းဆီးရမိရေးအတွက် အိမ်နီးခြင်း အရှေ့တောင်အာရှနိုင်ငံများရှိ ရဲတပ်ဖွဲ့များ၊  အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း တရားခွင်တွင် စာရွက်စာတမ်းများနှင့်တကွ ရှင်းလင်းတင်ပြသွားသည်။ 

၂၃ ရက်နေ့ တရားခွင်သို့ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အဓိကတရားခံများအဖြစ် ဖမ်းဆီးခံထားရသော ညီအစ်ကိုနှစ်ဦးဖြစ်သူအောင်ဝင်းဇော် နှင့်အောင်ဝင်းထွန်း၊ ဗိုလ်ကြီးဟောင်းဇေယျာဖြိုး၊ အနီးကပ် လုပ်ကြံပစ်ခတ်ခဲ့သူသေနတ်သမား ကြည်လင်းတို့ လေးဦးအား အင်းစိန်ထောင်မှ ခေါ်ဆောင်လာသည်ကို တွေ့ရသည်။ 

တရားခံပြေးအောင်ဝင်းခိုင်မှာအောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့နှင့် ညီအစ်ကိုတော်စပ်သူ ဖြစ်သည်။ 

ရှေ့နေဦးနေလက အောင်ဝင်းခိုင် ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများ၊ ထွက်ဆိုချက်များအပေါ် အားရမှှုမရှိကြောင်း ပြောသည်။ 

“ရဲတပ်ဖွဲ့ကနေပြီးတရားရုံးမှာအောင်ဝင်းခိုင်ကိုတရားစွဲဆိုပြီးတဲ့ကာလ၊ တရားမစွဲဆိုခင် ကာလမှာ အမှန်တကယ် ဖမ်းဆီးဖို့ ရှာဖွေတဲ့ အပိုင်းကို တရားရုံးမှာ ထွက်ဆိုစေချင်တာ။  အဲဒီထွက်ဆိုချက် မရဘူးလို့ ပြောလို့ရတယ်။  အားလုံးဟာ ဝရမ်းအတည်ပြုပြီးတဲ့ အခါမှာ ဝရမ်းအရ လိုက်လံဆောင်ရွက်တဲ့ အပိုင်းကိုပဲ ထွက်ဆိုနေတာ တွေ့ရတယ်။ အမှန်တကယ် ဘယ်လို ရှာဖွေခဲ့တယ်၊စုံစမ်းခဲ့တယ်ဆိုတဲ့ အကြောင်းကိုတော့ ထွက်ဆိုချက်ပေးတာကို မတွေ့ခဲ့ရဘူး” ဟုဦးနေလက ပြောသည်။ 

အောင်ဝင်းခိုင်နှင့် ဆက်စပ်သော လူသက်သေများ ဆင့်ခေါ်စစ်ဆေးရန်၊ စာရွက်စာတမ်း အထောက်အထားများ တရားရုံးမှတဆင့် ရရှိရန်လည်း ခက်ခဲနေကြောင်း ဦးနေလက ဆက်ပြောသည်။ 

တိမ်းရှောင်နေသောတရားခံပြေးအောင်ဝင်းခိုင် ဖမ်းဆီးရမိခြင်းမရှိသေးသဖြင့်ဇွန် ၃ဝ ရက်နေ့ တရားခွင်တွင် တရားလို ရဲအုပ်မိုးနိုင်ကို စစ်ဆေးသွားမည်ဟု အထူးခုံရုံးက အမိန့်ချမှတ်ခဲ့သည်။       ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required