ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ပြင်ဆင်ရန် ဥပဒေမူကြမ်း ရေးဆွဲပြီးစီးနေ

ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ပြင်ဆင်ရန် ဥပဒေမူကြမ်း ရေးဆွဲပြီးစီးနေ

ရန်ကုန်၊ဇွန် ၂၃ ။            ။ ဆက်သွယ်ရေးပုဒ်မ ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ရန် ဥပဒေမူကြမ်းရေးဆွဲပြီးစီးနေကြောင်း  ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ ဇွန်လ ၂၃ ရက်တွင် ပြောသည်။

“ ၆၆(ဃ) ကိုပြင်ဆင်ချင်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်၊ အဲ့လိုပြင်ဆင်တဲ့ ဥပဒေပြင်ဆင်ရေးကို လုပ်ကိုင်လေ့ရှိတဲ့ ကျွမ်းကျင်တဲ့အဖွဲ့အစည်းတစ်ခုကနေ   ပြင်ဆင်ချက်မူကြမ်း   ရေးဆွဲပြီးပြီလို့ သူတို့ ပြောတယ်။ ရေးဆွဲပြီးတဲ့နောက် သက်ဆိုင်ရာကို တင်ထားပြီးပါပြီလို့ သူတို့က ဆိုပါတယ်” ဟု ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောသည်။

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ ၊မြန်မာဂျာနယ်လစ်ကွန်ရက် တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြင်ဆင်ရေး ဥပဒေကြမ်းရေးဆွဲသော အဖွဲ့အစည်းအမည်ကိုတော့ ပြောကြားခြင်းမပြုခဲ့ပေ။

“ဒါကတော့ သိပ်ထုတ်ဖော်ပြောဖို့လည်း လိုမယ်မထင်ပါဘူး။သိပ်လျို့ဝှက်စရာလည်း မဟုတ်ပါဘူး။ အချိန်တန်ရင်တော့ ဘယ်အဖွဲ့အစည်းက ဒါကို ပြင်ဆင်တယ်၊ပြင်ဆင်ပြီးတော့ ဘယ်လိုတင်တယ်ဆိုတာတော့ ပေါ်လာမှာပါ” ဒေါက်တာဖေမြင့်က ပြောသည်။

အဆိုပါ ရေးဆွဲပြီးစီးသော ဥပဒေကြမ်းအား ရှေ့နေချုပ်ရုံးနှင့် လွှတ်တော်တင်ရန် ဥပဒေကြမ်းကော်မတီသို့ တင်ပြရပြီး ရှေ့နေချုပ်ရုံးတို့ ဥပဒေကြမ်းကော်မတီတို့က သုံးသပ်ပြီးနောက် ပြင်ဆင်စရာ ထပ်မံမရှိတော့ပါက လွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။ လွှတ်တော်တွင် ဆွေးနွေးပြီး အများသဘောတူပါက ပြင်ဆင်ချက်ဥပဒေ ထွက်ရှိလာမည် ဖြစ်သည်။

"၆၆(ဃ) နဲ့ ပတ်သက်ပြီး ယေဘုယျအားဖြင့် ပြောဖြစ်ပါတယ်။ ဒီကေစ့်နဲ့ ပတ်သက်ပြီး သူ့ထင်မြင်ချက်တွေ ပြောတယ်။ အဓိကကတော့ သူတို့ဘက်က ပြင်လို့မရဘူး၊ လွှတ်တော်ဘက်က ပြင်မှ ရမယ်၊ အဲ့ဒါကို ပြင်ဖို့ လုပ်နေပြီး ဆိုတာကို ပြောတယ်" ဟု ပြန်ကြားရေးဝန်ကြီးနှင့် Press Council တို့တွေ့ဆုံစဉ် ပြောခဲ့ကြောင်း စာနယ်ဇင်းကောင်စီအတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

ယနေ့ ဇွန်လ ၂၃ ရက်နေ့အထိ ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသန အဖွဲ့မှ ကောက်ခံရရှိသော စာရင်းများအရ ယင်းအမှုဖြင့် တရားရုံးတင်ပြီး တရားစွဲဆိုမှု စုစုပေါင်း (၇၀) မှု ရှိသည်ဟု ယင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required