မိုဆူးလ်မြို့ဟောင်းတိုက်ပွဲများမှ ထွက်ပြေးလာသည့် အရပ်သားများကြား ရောနှောလိုက်ပြီး အသေခံဗုံးခွဲသမား ဗုံးဖောက်ခွဲ

မိုဆူးလ်မြို့ဟောင်းတိုက်ပွဲများမှ ထွက်ပြေးလာသည့် အရပ်သားများကြား ရောနှောလိုက်ပြီး အသေခံဗုံးခွဲသမား ဗုံးဖောက်ခွဲ

မိုဆူးလ်၊ ဇွန် ၂၃ ။            ။ အီရတ်တပ်ဖွဲ့များ၏ ဂျီဟတ်အစွန်းရောက်များအပေါ် ထိုးစစ်ဆင်၍ ဆိုးဝါးကြမ်းတမ်းသည့် ခုခံစစ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေသော မိုဆူးလ်မြို့ဟောင်းမှ ထွက်ပြေးလာကြသည့် အရပ်သားပြည်သူများကြား အသေခံဗုံးခွဲသမားက ရောနှောလိုက်လာကာ ကိုယ်ကိုကို ဗုံးဖောက်ခွဲခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုအသေခံတိုက်ခိုက်မှုသည် မြို့ဟောင်းအနီး မာရှာဟဒြာအရပ်တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု အီရတ်စစ်တပ်မှ ဆေးတပ်ဗိုလ်မှူး အာမတ်ဟာရှမ်က အေအက်ဖ်ပီသို့ပြောသည်။

"စစ်ပွဲမြေက ဆေးရုံမှာ ခုတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ရုပ်အလောင်း ၁၂ လောင်း ရောက်ရှိပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် သေဆုံးကြပြီး ဒဏ်ရာရသူက ၂၀ ထပ်မနည်းပါဘူး။"ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားရာ နေရာကို အပြည့်အဝ ရှင်းလင်းရခြင်း မရှိသေး၍ သေဆုံးသူအရေအတွက် တိတိကျကျ မသိရသေးကြောင်း အမှတ် ၁၆ ခြေလျင်တပ်မှ ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။

"အသေခံဗုံးခွဲသမားက ထွက်ပြေးလာတဲ့အရပ်သားတွေကြားမှာ စိမ့်ဝင်ရောနှောလိုက်လာခဲ့တာဖြစ်ပြီး ကျွန်တော်တို့ တပ်တွေဆီကို မရောက်ခင် ဖောက်ခွဲလိုက်တာဖြစ်ပါတယ်။"ဟု ၎င်းက ဆိုသည်။

အိုင်အက်စ်အစွန်းရောက်အဖွဲ့အား အီရတ်တပ်များ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ချိန်မှစကာ မိုဆူးလ်မြို့ဟောင်းမှ ပြည်သူထောင်သောင်းများစွာ ထွက်ပြေးကြရသည်။

မြို့တိုက်ပွဲအတွင်း အိုင်အက်စ်တို့၏ လူသားဒိုင်းများအဖြစ် အဓိက အကာအကွယ်ယူခံထားရသည့် ပိတ်မိနေသူ တစ်သိန်း နီးပါးရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required