ပန်းတောင်းမြို့တွင် မြစ်ကမ်းပါးပြိုကျသည့် အတွက် နေအိမ်များ ပြောင်းရွှေ့နေရ

ပန်းတောင်းမြို့တွင် မြစ်ကမ်းပါးပြိုကျသည့် အတွက် နေအိမ်များ ပြောင်းရွှေ့နေရ

ဇွန် ၂၃ ။              ။ ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကိုင်းကြီး ၊ ငှက်၀ ၊ ကျွန်းမှီးကျေးရွာများ တွင် မြစ်ကမ်းပါးပြိုကျ သည့်အတွက် နေအိမ်များပြောင်းရွှေ့နေရပြီး ကိုင်းကြီးကျေးရွာ အလက ခွဲ စာသင်ကျောင်း ကိုလည်း ပိတ်ထားရကြောင်း  ဒေသခံများက ပြောသည်။

ဧရာဝတီမြစ်ထဲသို့ စီးဝင်သည့် ဘူးရိုးချောင်း ကမ်းပါးပြိုကျသည့်အတွက် ကိုင်းကြီးကျေးရွာအုပ်စု ကိုင်းကြီး ကျေးရွာမှ နေအိမ် ၇ လုံး နှင့် ငှက်၀ ကျေးရွာမှ နေအိမ် ၅ လုံး ပြောင်းရွှေ့ခဲ့ရပြီး ကိုင်းကြီးအလက ခွဲ စာသင်ကျောင်း ကိုလည်း ဇွန်လ ၂၁ ရက်မှစ၍ ပိတ်ထားရသည်ဟု ကျေးရွာသားတစ်ဦးဖြစ်သူ ကိုမျိုးမင်းနိုင်က ပြောသည်။

“ကျောင်းသွားတဲ့ လမ်းက သွားဖို့  အဆင်မပြေဘူး။ ကမ်းပါးပြိုတဲ့ နားက သွားရတာဖြစ်တဲ့အတွက် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေ သွားရေးလာရေး အခက်အခဲဖြစ်တယ်။ အခုကျွန်တော်တို့ တောင် မနည်းသွားနေရတာ”ဟု ၎င်းကဆိုသည်။

ထို့ပြင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် ရှိသော ပန်းတောင်းမြို့နယ် ကျွန်းမှီးကျေးရွာအုပ်စု ၊ ကျွန်းမှီးကျေးရွာတွင်လည်း ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဇွန်လ ၂၂ ရက်တွင် နေအိမ် ၅ လုံး ရွှေ့ပြောင်းခဲ့ရသည်။

“လက်ရှိ လူနေတဲ့အိမ်တွေ လေးငါးလုံးလောက်ပြောင်းရွှေ့နေတယ်။ မြစ်ကမ်းနားနီးတဲ့အိမ်တွေ သုံးလေးဆယ်လောက်ထပ်ပြောင်းရဖို့ ရှိသေးတယ်”ဟု ကျွန်းမှီးကျေးရွာအုပ်စု NLDဥက္ကဋ္ဌ ဦးတင်ထွန်းက ဆိုသည်။

ဇွန်လ ၂၂ ရက်တွင် ကျွန်းမှီးကျေးရွာသို့ လွှတ်တော်ကိုယ်စားလှယ်များ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများလာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required