သက်တမ်းအကြာဆုံး နာဂသူပုန်ထမှုကြီးကို အဆုံးသတ်နိုင်ခဲ့ပြီဟု အိန္ဒိယပြောကြား

သက်တမ်းအကြာဆုံး နာဂသူပုန်ထမှုကြီးကို အဆုံးသတ်နိုင်ခဲ့ပြီဟု အိန္ဒိယပြောကြား
photo - Narendra Modi FB

သြဂုတ် ၄ ရက် ။      ။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက ၎င်း၏အစိုးရမှာ သြဂုတ်လ ၃ရက်နေ့က သမိုင်းဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး၊ မတည်ငြိမ်သည့် အရှေ့မြောက်ပိုင်း၌ နာဂါများ ၏နှစ်၆၀ကြာ သူပုန်ထမှုကို အဆုံးသတ်နိုင်ခဲ့ပြီဟု ပြောလိုက်သည်။

သို့ရာတွင် သဘောတူညီချက်ပါ အကြောင်းအရာအသေးစိတ်ကိုမူ အစိုးရနှင့် နာဂသူပုန်ခေါင်းဆောင်များကပါ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

နာဂါလူမျိုးများ ရင်ဆိုင်နေရသည့် ပြဿနာများကို နားလည်ပေးသည့်အတွက် ဝန်ကြီးချုပ်ကို ကျေးဇူးတင်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN) ၏ အထွေထွေအတွင်းရေးမှူး သူရင်ဂလန်း မူအီဗာ့ (Thuingaleng Muivah) က ပြောကြားခဲ့သည်။

သမ္မတမိုဒီကလည်း အိန္ဒိယနှင့် နာဂမှာ တစ်ဦးကို တစ်ဦး နားလည်ရန် မကြိုးစားခဲ့ကြသောကြောင့် နာဂပြဿနာမှာ ကြာလေဆိုးလေဖြစ်ခဲ့ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

သို့ရာတွင် သဘောတူညီချက်ကို NSCN မှ အင်အားကြီး အုပ်စုတခုနှင့်သာ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး အခြား ခွဲထွက်ရေး သူပုန်အားလုံး မပါဝင်ခဲ့ပေ။

NSCN ၏ အထွေထွေအတွင်းရေးမှူး မူအီဘာ့၏ ပြိုင်ဘက် မြန်မာနာဂခေါင်းဆောင် အက်စ်အက်စ် ခပလန်း (S S Khaplang) က ယခုနှစ် မတ်လက အိန္ဒိယနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကိုဖောက်ဖျက်ခဲ့သည်။ ၎င်း၏တပ်သားများက အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များကို အမြဲတစေ တိုက်ခိုက်လာနေခဲ့သည်။

ယင်းတိုက်ခိုက်မှုများတွင် အိန္ဒိယစစ်သားနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် အနည်းဆုံး ၃၀ခန့် သေဆုံးခဲ့ရပြီဖြစ်ပြီး၊ ဇွန်လက မဏိပူရပြည်နယ် ချန်ဒဲခရိုင်တွင် တစ်ကြိမ်တည်းဖြင့် ၁၈ဦး သေဆုံးခဲ့ရသည်။

ယခုသဘောတူညီချက်ကို သစ္စာဖောက်မှုတစ်ခုအဖြစ် အိန္ဒိယအရှေ့မြောက်ပိုင်း သူပုန်အုပ်စုများနှင့် မဟာမိတ်ဖွဲ့ထား သည့် ခါပလန်းက ဆန့်ကျင်ခဲ့ပြီး နာဂလူမျိုးတို့၏ လွတ်လပ်လိုသော ဆန္ဒကို အပေးအယူလုပ်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

''ဒါ့ကြောင့် ခါပလန်းရဲ့ တပ်သားတွေက သဘောတူညီချက်ကို ဖျက်ဆီးဖို့အတွက် အရှိန်အဟုန်မြှင့်ပြီး တိုက်ခိုက်မှာ အသေအချာပါပဲ။'' ဟု နာဂဂျာနယ်လစ် ဘာနို ဟာရာလူက ပြောကြားခဲ့သည်။ ''အစိုးရ အနေနဲ့ သူပန်အုပ်စုတစ်စုတည်းနဲ့ သဘာတူညီချက် လက်မှတ်ထိုးရင်တော့ ဒီအန္တရာယ်ကို ရင်ဆိုင်ရမှာပဲ။'' ဟုလည်း ၎င်းက ဆက်ပြောသည်။

အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်တွင် အလားတူသူပုန်ထမှုကို အဆုံးသတ်ပစ်နိုင်ခဲ့သည့် ၁၉၈၆ သဘောတူညီချက် အောင်မြင်ခဲ့ပုံကို နာဂဂျာနယ်လစ် ဟာရာလူက ထောက်ပြသည်။

''ကွယ်လွန်သွားတဲ့ ရာဂျစ်ဂန္ဒီရဲ့အစိုးရ လက်မှတ်ထိုးခဲ့တဲ့ ၁၉၈၆ သဘောတူညီချက်က တစ်ဂိုဏ်းတစ်ဖွဲ့တည်းနဲ့ မဟုတ်ဘူး၊ သူပုန်ခေါင်းဆောင်အားလုံးနဲ့ လက်မှတ်ထိုးခဲ့တာပါ။ ဒါ့ကြောင့် သဘောတူညီချက်က ရေရှည်တည်တံ့ခဲ့တယ်။'' ဟု ဟာရာလူက ပြောသည်။  

ယခင်ကလည်း နာဂများနှင့် သဘောတူညီချက်နှစ်ကြိမ် လက်မှတ်ရေးထိုးခဲ့ဖူးရာ တစ်ကြိမ်မှာ ၁၉၆၀ ခုနှစ်တွင် နာဂအမျိုးသားကောင်စီ၏ အကြမ်းဖက်သူပုန်ထမှုကို ဆန့်ကျင်သည့် အလယ်အလတ် သဘောထားရှိသော ခေါင်းဆောင်များနှင့် သဘောတူညီမှုယူခဲ့ပြီး၊ နောက်တစ်ကြိမ်မှာ ၁၉၇၅ခုနှစ်တွင် နာဂအမျိုးသားကောင်စီနှင့် သဘောတူချက် လက်မှတ်ရေးထိုး ခဲ့ခြင်းပင်ဖြစ်သည်။

အချက် ၁၆ချက်ပါ ၁၉၆၉ခုနှစ် သဘောတူညီချက်က အာသံပြည်နယ်၏ နာဂတောင်တန်းဒေသကို ခွဲထုတ်၍ နာဂမြေကို သီးခြားပြည်နယ်ပေးထားပြီး၊ ၁၉၇၅ သဘောတူညီချက်ကမူ နာဂတို့၏ ရလိုချက် များကို ဖြည့်ဆည်းရာတွင် အသေးစိတ် သဘောတူညီချက်တစ်ရပ်ကို ဖော်ဆောင်မည့် သဘောတူခြင်းဖြင့် သူပုန်ထမှုကို အဆုံးသတ်ရန် ရည်ရွယ်ထားသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ တရုတ်က လေ့ကျင့်ပေးထားသည့် သူရင်ဂလန်း မူဘာ့ ခေါင်းဆောင်သော NNC သဘောထားတင်းမာသူများက ၁၉၇၅ ရှီလောင်း သဘောတူညီချက်ကို သစ္စာဖောက်မှု အဖြစ် ဆန့်ကျင်ပြီး လက်နက်ကိုင် သူပုန်ထမှုကိုသာ ရှေ့တန်းတင်ခဲ့ခြင်းပင် ဖြစ်သည်။

နှစ်ပေါင်း ၄၀ကြာ ၁၉၇၅ ရှီလောင်းသဘောတူညီချက်ကို အပြင်းအထန် ဆန့်ကျင်လာခဲ့ပြီးမှ ယခု မူဘာ့က ဝန်ကြီးချုပ်မိုဒီ က နာဂတို့၏ လိုလားချက်များကို ဖြည့်ဆည်းပေးမည်ဟုဆိုသည့် သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။  

သြဂုတ် ၃ရက်နေ့သဘောတူညီချက် အသေးစိတ်ကို မသိနိုင်သော်လည်း မဏိပူရ၊ အာသံနှင့် အရူနာချာ ပရာဒက်ရှ် ပြည်နယ်များအတွင်းမှ နာဂဒေသများကို လက်ရှိ ၁၉၆၀သဘောတူညီချက်အရ ထူထောင်ခဲ့သည့် နာဂပြည်နယ်နှင့် ပေါင်းစည်းခြင်းဖြင့် မဟာနာဂပြည်နယ်ထူထောင်ရေး NSCN၏ နယ်မြေပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုချက်မှာ မရေမရာဖြစ်သည်။

NSCN ကမူ အိန္ဒိယက မဟာနာဂမြေကို ထူထောင်ပေးမှသာ ၎င်း၏ လွတ်လပ်ခွင့် ခွဲထွက်ရေးတောင်းဆိုချက် အဟောင်းကို စွန့်လွှတ်မည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုလာနေခဲ့သည်။

သြဂုတ်၃ရက်နေ့ သဘောတူညီချက်ကို NSCNနှင့် စေ့စပ်ညှိနှိုင်းခဲ့သည့် အိန္ဒိယအစိုးရဘက်မှ ကြားဝင်စေ့စပ်သူ အာအင် ရာဗီကမူ နာဂတို့၏ တောင်းဆိုချက်မှာ ဖွဲ့စည်းပုံ အရဖြစ်နိုင်သော် လည်းနိုင်ငံရေးအရ ခက်ခဲသည်ဟု ပြောကြားခဲ့သည်။

မဏိပူရ၊ အာသံနှင့် အရူနာချာ ပရာဒက်ရှ်ပြ့ည်နယ်များကမူ အကယ်၍ နာဂတို့၏ တောင်းဆိုချက်ကို အပြည့်အ၀ ဖြည့်ဆည်းလိုက်ပါက ၎င်းတို့၏ ပိုင်နက်အတွင်းမှ နာဂနယ်မြေများကို ခွဲထုတ်သွား မည်ဖြစ်သောကြောင့် တောင်းဆိုချက် ကို ဆန့်ကျင်နေကြသည်။

သို့ရာတွင် ဤသဘောတူညီချက်က နာဂနယ်မြေများ ယခုရရှိနေသည်ထက် ပိုမိုကြီးမားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိမည်ဟု အာမခံထားသည်။

နာဂသဘောတူညီချက် အသက်ဝင်လာအောင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ထောက်ခံမှုလိုအပ်သောကြောင့် ဝန်ကြီးချုပ်မိုဒီက အတိုက်အခံပါတီခေါင်းဆောင်များနှင့် ဒေသန္တရပါတီခေါင်းဆောင်များကို ရှင်းလင်းတိုက်တွန်းခဲ့ပြီးဖြစ်သည်။

အိန္ဒိယ၏ သက်တမ်းအကြာဆုံး လူမျိုးစုသူပုန်ထမှုကို ကူညီအဆုံးသတ်ရန် မိုဒီကို အတိုက်အခံများက ထောက်ခံမည် မထောက်ခံမည်မှာမူ မေးခွန်းတစ်ခုအနေနှင့် ဖြစ်ပေါ်နေသည်။

ခါပလန်းခေါင်းဆောင်သည့်အဖွဲ့လို နာဂသူပုန်အုပ်စုများ၏ အကြမ်းဖက်မှုအန္တရာယ်ကလည်း တနင်္လာနေ့ သဘောတူညီချက်ပေါ်တွင် တစ္ဆေကဲ့သို့ အုပ်မိုးခြောက်လှန့်လျှက်ရှိနေသည်။

ခေတ်နောက်ကျနေသည့်ဒေသကို ဖွံ့ဖြိုးစေခြင်းဖြင့် အိန္ဒိယစီးပွားရေးကိုလည်း ကြီးထွားလာစေရန်၊ အရှေ့တောင်နှင့် အရှေ့အာရှ တို့သို့ လမ်းပွင့်ရန်တို့အတွက် အိန္ဒိယ၏ အရှေ့မြောက်ဒေသကို အသုံးပြုနိုင်ရန် အိန္ဒိယ၏ အရှေ့မျှော် နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုအတွက် ရှေးအကျဆုံး သူပုန်ထမှုကြီးကို မိုဒီက ဖြေရှင်းရန် ကြိုးစားခဲ့ခြင်းပင်ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required