တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် ဘဏ်စာရင်းသစ်များ ဖွင့်လှစ်သွားရန် စီစဉ်နေ

တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် ဘဏ်စာရင်းသစ်များ ဖွင့်လှစ်သွားရန် စီစဉ်နေ

ဇွန် ၂၃၊ ရန်ကုန်။             ။ တရုတ်နိုင်ငံဘက်မှ မြန်မာလုပ်ငန်းရှင်များ၏ ဘဏ်စာရင်းများ ပိတ်ထားသည့်အတွက် လတ်တလောကုန်သွယ်မှုအား မထိခိုက်စေရန်အတွက် ဘဏ်စာရင်းသစ်များ ဖွင့်လှစ်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပြီး ဘဏ်စာရင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက်လည်း တရုတ်နိုင်ငံနှင့် တွေ့ဆုံတွေ့ဆွေးနွေးသွားရန် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ဇွန်လ ၂၃ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် သတ္တမအကြိမ်လုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံပွဲတွင် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် လောင်းကစားနှင့် ဆက်နွယ်နေသည့် ဘဏ်စာရင်းများအား စစ်ဆေးရန်အတွက် ယာယီပိတ်ခဲ့ရာတွင် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းဆောင်ရွက်နေသည့် မြန်မာလုပ်ငန်းရှင်များ၏ ဘဏ်စာရင်းများ ပါဝင်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆေးမှုများပြီးစီးသည်အထိ စောင့်ဆိုင်းနေပါက နယ်စပ်ကုန်သွယ်ရေးအား ထိခိုက်လာနိုင်သည့် အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေက " အကောင့်သစ်ဖွင့်လိုက်ရင်တော့ ပြန် Run လို့ ရသွားမှာပေ့ါနော်။ မြန်မြန်ထက်ထက်ဖြစ်အောင် တွန်းနေရပေါ့" ဟု ဆိုသည်။

မြန်မာနိုင်ငံသား ဘဏ်အကောင့်များ ပိတ်ထားခြင်းကြောင့် လတ်တလော နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအား ထိခိုက်မှု မရှိဘဲ ယခု ဇွန်လလယ်အထိ ကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူ ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါ က ကျပ် ၁ ဘီလီယံနီးပါး ပိုမို ကုန်သွယ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

" ဒီဖြစ်စဉ် ဖြစ်လိုက်ပေမယ့် ကုန်သွယ်မှုကတော့ သိသိသာသာမကျဘူး။ ဒါပေမယ့်လည်း အကောင့်ပိတ်ထားတဲ့ ငွေစာရင်းတွေကနေပြီးတော့ ကုန်ဖိုးပေးချေရမယ့် ကိစ္စတွေ ရှိမယ်။ နောက်တခါ ငွေစာရင်းတွေကနေ ထုတ်ပြီးတော့ ကုန်ပြန်ဝယ်ရမယ့် ကိစ္စတွေရှိတယ်။ ရေရှည်မှာတော့ အခက်အခဲမရှိအောင် အမြန်ဆုံး ဆောင်ရွက်နိုင်အောင်လို့ တဖက်နိုင်ငံနဲ့ ညှိနှိုင်းနေပါတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ဆိုသည်။

အဆိုပါ အပိတ်ခံထားရသည့် ဘဏ်စာရင်းများတွင် တရုတ်ယွမ်ငွေ (၁၉၈ဒသမ၅)သန်း နီးပါး ရှိနေပြီး လတ်တ လော ကုန်သွယ်မှုအား မရှိခိုက်သော်လည်း ရေရှည်တွင် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲဖြစ်ပေါ်နိုင် သဖြင့် တွန်းအားပေးသွားရန် လိုအပ်ကြောင်း ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ဆိုသည်။

လက်ရှိကုန်သည်များ၏ အခက်အခဲကို နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက " အိတ်ထောင်ထဲမှာ ရှိတဲ့ ပိုက်ဆံကို ခဏသိမ်းထားလိုက်တော့ နည်းနည်းတော့ အခက်အခဲ ဖြစ်သွားမှာပဲ။ လက်ရှိလည်း ပိတ်ထားတယ်ဆိုတော့ ငွေရေးကြေးရေး အခက်အခဲလေးတော့ နည်းနည်း ဖြစ်တာပေါ့" ဟု ဆိုသည်။

ယင်းအတွက် ဘဏ်စာရင်းအပိတ်ခံရသည့် နယ်စပ်ကုန်သည်များအား စာရင်းကောက်ယူကာ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများထံပေးပို့ပြီး ဦးစားပေးအနေဖြင့် အမြန်ဆုံး စစ်ဆေးပေးနိုင်ရန်အတွက် ကုန်သည်စက်မှု အသင်းချုပ်မှလည်း ဆောင်ရွက်ပေးရန်  ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း  ပုံမှန်ကုန်သွယ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass-BP) ဖြင့် ဘဏ်စာရင်းသစ်များ ဖွင့်လှစ်ဆောင်ရွက်သွားရန် ညှိနှိုင်းထားကြောင်း သိရသည်။

ဦးရန်နိုင်ထွန်းက " အကောင့်အသစ်တွေနဲ့ ကုန်သွယ်မှု ဆောင်ရွက်လို့ ရအောင် သူတို့ဘက်ကလည်း ဆောင်ရွက်ပေးမယ်။ ခွင့်ပြုပေးမယ်။ ဒီဘက်ကလည်း လုပ်ပေးပါဆိုပြီးတော့ ပြောတယ်။ ဘဏ်စာရင်းထဲမှာ ရှိတဲ့ ငွေတွေက တစ်ဘက်ကို ကုန်ဖိုးချေရမယ့် ငွေတွေ ဖြစ်သလို တစ်ဖက်က ကုန်ပြန်ဝယ်ရမယ့် ငွေတွေလည်း ရှိတယ်။ ဒါကြောင့်မို့လို ဒီဟာကို အမြန်ဆုံးဆောင်ရွက်ပေးမှ ကုန်သွယ်မှုမှာ ပုံမှန်ဖြစ်မယ်ဆိုတာကို ပြောထားပါတယ်" ဟု ဆိုသည်။

လက်ရှိ နယ်စပ်ကုန်သွယ်ရေးတွင် ဆန်၊ ဆန်ကွဲတင်ပို့မှုမှာ အစီးရေ (၂၀)မှ (၃၀)နီးပါး လျှော့နည်းသွား သော်လည်း သကြား၊ ပြောင်း အပါအဝင်  တခြားကုန်စည်များ တင်ပို့မှု မြင့်တက်လာနေသဖြင့် ကုန်သွယ်မှုအား သိသိသာသာထိခိုက်မှု မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly