အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကား သြဂုတ်လထဲတွင် ရုံတင် ပြသမည်

အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကား သြဂုတ်လထဲတွင် ရုံတင် ပြသမည်

 ရန်ကုန် ၊ ဇွန် ၂၃ ။             ။ Bo Bo Film Production ၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ဖြစ်သည့် ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူး ထားသည့် အော်တိုဘုရင် ရုပ်ရှင် ဇာတ်ကားကြီးကို သြဂုတ်လထဲတွင် ရုံတင် ပြသနိုင်ရန် စီစဉ် ထား သည်။

အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားကြီးကို နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား စတူဒီယို၌ ရက် ၂၀ကြာ သွားရောက် ရိုက်ကူးထားသည့် ရုပ်ရှင် ဇာတ်ကား လည်း  ဖြစ်သည်။

ထို ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညီညီထွန်းလွင်က ရိုက်ကူးထားပြီး တွဲဖက် ဒါရိုက်တာ သြရသ ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း ညီညီထွန်းလွင် ၊ မြင့်သန်းအောင် ဖြစ်ပြီး သရုပ်ဆောင် အဖြစ် ဇာဂနာ ၊ ကျော်ကျော်ဗို ၊ အိချောပို တို့နှင့်အတူ အနုပညာရှင် များစွာဖြင့် ရိုက်ကူး ထားခြင်း ဖြစ်သည်။

အော်တိုဘုရင် ရုပ်ရှင် ဇာတ်ကားသည် ဟာသ ဇာတ်ကား ဖြစ်ပြီး ပျူခေတ် နှင့် ပုဂံခေတ်အကြား ရှေးဘုရင်ခေတ် ပုံစံ ဇာတ်ကားကို မင်းသား ၊ မင်းသမီး အပြင် ဟာသ သရုပ်ဆောင်များဖြင့် ဒါရိုက်တာက ရိုက်ကူး တင်ဆက်ထားသည်။

ရုပ်ရှင်ဇာတ်ကားထဲတွင် နဂါးမင်းသား နေရာ၌ သရုပ်ဆောင် ကျော်ကျော်ဗို၊ မိဖုရားကြီးနေရာတွင် သရုပ်ဆောင် အိချောပို ၊  မူးမတ်နေရာများတွင် သရုပ်ဆောင် မေတ္တာ၊ မန်းဝင်း၊ သီးလေးသီး၊ ငှက်ပျော်ကြော်၊ ကံပွင့်၊ ငြိမ်းချမ်း စသည့် ဟာသသရုပ်ဆောင် များလည်း ပါဝင်သရုပ်ဆောင်ထားကြသည်။

ဇာတ်ကား အတွက် ကြိုတင် ပြင်ဆင်မှုကို ၁လခွဲ ၂လ ကြာ ပြုလုပ် ခဲ့ပြီး ဇာတ်ကားတွင် ဆက်တင် (ဇာတ်ကွက် အလိုက် ပြင်ဆင်မှု) တော်တော် များများ အသုံးပြုထားပြီး Animation အသုံးပြုမှုတွေလည်း ပါဝင် ကာ Bo Bo Film Production အတွက် ကုန်ကျစရိတ်များသည့် ရုပ်ရှင် ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။

Bo Bo Film Production အနေဖြင့် လက်ရှိတွင် တေးအယ်ဘမ်များ ထုတ်လုပ်ပေးလျက် ရှိသလို ဗီဒီယို ဇာတ်ကား ၊ ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးထားကာ အော်တိုဘုရင် ရုပ်ရှင် ဇာတ်ကားကတော့ ၂၀၁၇ ခုနှစ်တွင် ပထမဆုံး ရုံတင် ပြသမည့် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သည်။

အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၅ ခုနှစ် မတ်လတွင် ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားဖြစ်ကာ ၂နှစ်ကြာပြီးမှ ရုံတင် ပြသဖြစ်ခြင်း ဖြစ်သည်။ ဇာတ်ကားထဲတွင် 3D Animation များကို ထည့်သွင်း အသုံးပြု ထားသည့် ဇာတ်ကား တစ်ကား ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly