ဘဏ်ငွေစာရင်းများ အပိတ်ခံရသည့် မြန်မာကုန်သည်များ တရုတ်ဘဏ်ကို ဆန္ဒထုတ်ဖော်

ဘဏ်ငွေစာရင်းများ အပိတ်ခံရသည့် မြန်မာကုန်သည်များ တရုတ်ဘဏ်ကို ဆန္ဒထုတ်ဖော်
ဓာတ်ပုံ - စိုင်းလောဝ်လျန်းပန်

ရန်ကုန်၊ ဇွန် ၂၃ ။              ။ ဘဏ်ငွေစာရင်းများအပိတ်ခံထားရသည့် မြန်မာကုန်သည် ရာဂဏန်းခန့်က ဘဏ်စာရင်းများ ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် တရုတ်ပြည်ဘဏ်ကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ မြို့ထဲမှာ စုဝေးပြီးတော့ နှစ်နိုင်ငံနယ်စပ် နန်းတော်ဂိတ်ပေါက်ကနေပြီးတော့ တရုတ်နိုင်ငံကနေ မြင်သာအောင်ပေါ့ ။ အပိတ်ခံရတဲ့ ကုန်သည်အဖွဲ့တွေကနေပြီးတော့ ဆိုင်းဘုတ်တွေကိုင်ပြီးတော့ ဆန္ဒဖော်ထုတ်တာပေါ့ဗျ ” ဟု ဦးသူရိန်က ပြောဆိုသည်။

ပဲ၊ ပြောင်း၊ နှမ်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်းဒိုင်မှ ကုန်သည် ၂၀၀ ဦးခန့်က မူဆယ်မြို့တွင် ယနေ့ (ဇွန် ၂၃) ရက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ကုန်သည်များက “ တရုတ်ပြည်ဘဏ်မှ မတရားထိန်းသိမ်းထားသော ငါတို့ငွေပြန်ပေး ”၊ “တရုတ်ပြည်ရဲတပ်ဖွဲ့မှ မတရားထိန်းသိမ်းထားသော ငါတို့ငွေပြန်ပေး”၊ “ ငါတို့ အသက်ရှင်ခွင့်ပေး ”၊ “ မတရား ထိန်းသိမ်းထားသော အကောင့်များ ချက်ချင်းပြန်ဖွင့်ပေး ”၊ “ One Belt, One Road ကိုမဖျက်ဆီးပါနှင့် ”၊ “ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ဘာလဲ၊ ဘယ်လဲ ”၊ “ ငါတို့ကို တရားဝင်တန်းတူကန်သွယ်မှုကို ဆောင်ရွက်ပေး ”၊ “ ငါတို့ရဲ့ ချွေးနည်းစာကို ပြန်ပေး ” အစရှိသည့် အချက် (၈) ချက်ပါသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကျော်ခဲ့ကြသည်။

မြန်မာကုန်သည်အချို့၏ ဘဏ်စာရင်းများကို ဇွန်လ ၁၄ ရက်မှ စတင်၍ ယာယီပိတ်ထားခြင်းဖြစ်ပြီး တရုတ်မှောင်ခိုဂိုဏ်း ၂၇ ဂိုဏ်းကို ဖြိုခွင်းရန် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ထိုပိတ်ထားသော ဘဏ်ငွေစာရင်းများတွင် မြန်မာနိုင်ငံမှ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူအချို့၏ ဘဏ်ငွေစာရင်းများလည်း ပါဝင်နေခြင်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်ဒေသတွင် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်ကြသောကုန်သည်အချို့၏ ဘဏ်ငွေစာရင်းများ အပိတ်ခံရသည့်ကိစ္စအား နှစ်နိုင်ငံသက်ဆိုင်ရာဌာနများနှင့် ရာဌာနများနှင့် အချိန်မီညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇွန်လ ၁၉ ရက်က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required