တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး၏ မိတ်ဆွေ ချိုင်ဆွန်ဆီးလ် ထောင်သုံးနှစ်ချမှတ်ခံရ

တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး၏ မိတ်ဆွေ ချိုင်ဆွန်ဆီးလ် ထောင်သုံးနှစ်ချမှတ်ခံရ

ဇွန် ၂၃ ။             ။ တောင်ကိုရီးယားတွင် ယခင်သမ္မတဟောင်း ပက်ဂွမ်ဟေးအား ပြုတ်ကျသွားစေခဲ့သည့် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွင် အဓိက ပါဝင်ပတ်သက်ခဲ့သူ ချိုင်ဆွန်ဆီးလ်အား ဇွန်လ ၂၂ ရက်က တရားရုံးက လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်သုံးနှစ်ချမှတ်လိုက်ကြောင်း သိရသည်။

သမ္မတဟောင်း ပက်၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သူ ချိုင်သည် သူမ၏ သမီးဖြစ်သူ ဆိုးလ်မြို့ရှိ အကောင်းဆုံးသော တက္ကသိုလ်တစ်ခု၌ တက်ရောက်ခွင့်ရရန်နှင့် အဆင့်ကောင်းကောင်းရရန် ပါမောက္ခများအား လာဘ်ပေးခဲ့သည်မှာ ထင်ရှားကြောင်း တရားရုံးက ဖော်ထုတ်သိရှိခဲ့သည်ဟု ဆိုသည်။

" တရားခံက ပြစ်မှုကျူးလွန်တာထင်ရှားလို့ ထောင်သုံးနှစ်ချမှတ်လိုက်ပါတယ်" ဟု တရားရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။

တစ်ချိန်တည်းမှာပင် ၎င်းထံမှ လာဘ်ယူခဲ့သည့် ယခင် တက္ကသိုလ်ဌာနမှူးဟောင်းနှင့် ကောလိပ်အကြီးအကဲဟောင်း တစ်ဦးတို့ကိုလည်း ထောင်နှစ်နှစ်စီ ကျခံစေရန် တရားရုံးက ချမှတ်ခဲ့သေးသည်။

ချိုင်အနေဖြင့် ၎င်း၏မိတ်ဆွေ သမ္မတဟောင်း ပက်နှင့်အတူ နီးနီးကပ်ကပ်ရှိစဉ်က သူမ ထိန်းချုပ်ထားခဲ့သည့် ဖောင်ဒေးရှင်းများသို့ ငွေကြေးမြောက်မြားစွာ လှူဒါန်းရန် ထိပ်တန်းကုမ္ပဏီများအပေါ် ဖိအားပေးခဲ့သည်ဆိုသည် စွဲချက်များနှင့်လည်း ရင်ဆိုင်နေရလျက်ရှိသည်။

အဆိုပါ ကိစ္စများတွင်လည်း ချိုင်အနေဖြင့် မိတ်ဆွေ ပက်၏ ရာထူးအာဏာကိုအလွဲသုံးစားခဲ့ခြင်းရှိသည်ဟု ထင်ရှားပါက နောက်ထပ် ထောင်ဒဏ်နှစ်ပေါင်းများစွာ ချမှတ်ခံရဦးမည်ဖြစ်သည်။

ယခုအခါ ချိုင်နှင့် နီးနီးကပ်ကပ် ပတ်သက်ခဲ့မိသည့်အတွက် သမ္မတဟောင်း ပက်မှာလည်း စွပ်စွဲပြစ်တင်ခံခဲ့ရပြီး ရာထူးမှ ဆင်းပေးခဲ့ရကာ  လက်ရှိအချိန်တွင် အမှုရင်ဆိုင်နေရလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required