ပျက်ကျလေယာဉ် အစိတ်အပိုင်းဆယ်ယူရာတွင် ဒဏ်ရာရရှိခဲ့သော ရေငုပ်သမား ၁ ဦး ကွယ်လွန်

ပျက်ကျလေယာဉ် အစိတ်အပိုင်းဆယ်ယူရာတွင် ဒဏ်ရာရရှိခဲ့သော ရေငုပ်သမား ၁ ဦး ကွယ်လွန်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
 

ဇွန်လ ၂၃ ။            ။ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အစိတ်အပိုင်းဆယ်ယူရာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရေငုပ်သမား ၂ ဦးအနက်တစ်ဦးမှာ ဇွန်လ ၂၂ ရက် ည ၉ နာရီခွဲတွင်  ကွယ်လွန်သွားကြောင်း သိရသည်။

ဒလမြို့နယ် အဏ္ဏဝါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမား ဦးစောနောင်နှင့် ဦးသန့်ဇင်ဦး တို့နှစ်ဦးသည် ရေထုဖိအားကြောင့် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဇွန် ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိရာမှ ဦးစောနောင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

လောင်းလုံဘုတ်ကျွန်းအနီး ပင်လယ်ရေအောက်အနက် ၁၂၅ ပေခန့်တွင်တွေ့ရှိသော လေယာဉ်အစိတ်အပိုင်းအား ဆယ်ယူရန် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဒလမြို့နယ်ရှိ အဏ္ဏဝါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမားဦးစောနောင်နှင့် ဦးသန့်ဇင်ဦးတို့ နှစ်ဦးသည် ဇွန် ၁၇ ရက် နံနက် ၈ နာရီခန့်တွင် လေယာဉ်အစိတ်အပိုင်း ဆယ်ယူခြင်းလုပ်ငန်းများ   ဆောင်ရွက်စဉ်     ရေထုဖိအားကြောင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သတိမေ့မြောသွားခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ ၁၉ ရက်က ထုတ်ပြန်ထားသည်။

ယင်း ဇွန်လ ၁၈ ရက်တွင် လေယာဉ်အမြီးပိုင်းနှင့် အစိတ်အပိုင်းအချို့အား ရေအောက်မှ ရေပြင်ပေါ်သို့ ဆယ်ယူခဲ့ပြီး အဆိုပါ လေယာဉ်အမြီးပိုင်းတွင် FDR - Flight Data Recorder (Black Box) နှင့် CVR - Cockpit Voice Recorder တို့ ပါရှိခဲ့သည်။

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းပါကြောင်းနှင့် ၎င်း၏မိသားစုများ၏ လိုအပ်ချက်များကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required