ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာသည့် လီဗာပူးလ်ကစားသမားသစ် ဆာလက် ကျောနံပါတ် ၁၁ ဝတ်မည်

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာသည့် လီဗာပူးလ်ကစားသမားသစ် ဆာလက် ကျောနံပါတ် ၁၁ ဝတ်မည်

ဇွန် ၂၃၊ လီဗာပူးလ်။            ။ ကစားသမားသစ် မိုဟာမက် ဆာလက်သည် လာမည့်ရာသီ လီဗာပူးလ်အသင်းတွင် ကျောနံပါတ် ၁၁ ကို ဝတ်ဆင်မည်ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် အီဂျစ်လက်ရွေးစင်ဆာလက်သည် လီဗာပူးလ်အသင်းသို့ ကနဦးပြောင်းရွှေ့ကြေးပေါင် ၃၃ ဒသမ ၅ သန်း၊ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီးထပ်ပေးရမည့်ပေါင် ၅ ဒသမ ၅ သန်းဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဆွစ်ဇာလန်ကလပ်ဘေဆယ်အသင်းတွင်ကစားနေကတည်းက လီဗာပူးလ်အသင်း၏ကာလရှည်ပစ်မှတ်ဖြစ်ခဲ့သည့် ဆာလက်သည် တစ်ပတ်လုပ်ခပေါင် ၉၀, ၀၀၀ ဖြင့် ငါးနှစ်စာချုပ်ခဲ့ခြင်းဖြစ်သည်။

ဆာလက်သည် လက်ရှိနွေရာသီတွင် တိုက်စစ်ပိုင်းဂိုးပိုမိုရရှိရန်အတွက်ရှာဖွေနေသည့် နည်းပြကလော့ပ်၏ ထိပ်ဆုံးပစ်မှတ်အဖြစ် ပေါ်ထွက်လာသူဖြစ်သည်။

ဆာလက်ဝတ်ဆင်မည့်ကျောနံပါတ်မှာ ယမန်နှစ်က ဖာမီနိုဝတ်ဆင်ခဲ့သည့်နံပါတ်ဖြစ်ပြီး ဘရာဇီးကစားသမားမှာ အခြားနံပါတ် ပြောင်းလဲဝတ်ဆင်မည်ဖြစ်သည်။

နည်းပြကလော့ပ်က ဖာမီနိုကို အဓိကတိုက်စစ်မှူးအဖြစ်ထားကစားရန်ပြင်ဆင်နေရာ နံပါတ် ၉ ဝတ်ဆင်ရမည်ဖြစ်သည်။ ချယ်လ် ဆီးအသင်းတွင်မအောင်မြင်ခဲ့စဉ်ကထက် ၁၀၀ ရာခိုင်နှုန်းပိုကောင်းသည့်သူဖြစ်လာပြီဟု ဆာလက်က ပြောသည်။

“၁၀၀ ရာခိုင်နှုန်းပိုကောင်းလာပါပြီ။ အဲဒီအတွက်ပဲ အသင်းက ငွေအများကြီးပေးခဲ့ရတာပေါ့။ ကျွန်တော့်ပုံစံအပြင် အရာရာ ပြောင်းလဲသွားခဲ့ပြီလေ။ အဲဒီတုန်းက ကျွန်တော် ၂၁ နှစ်သားပဲရှိသေးတယ်။

အခုလေးနှစ်အကြာမှာတော့ ဖခင်တစ်ယောက်ဖြစ်နေတဲ့အပြင် အရာရာပြောင်းလဲသွားခဲ့ပြီ။ အခုအချိန်ကပိုပြီးသင့်တော်တယ်လို့ ခံစားရတယ်။ အသင်းသုံးသင်းနဲ့ အတွေ့အကြုံတွေအများကြီးရတယ်။ ချယ်လ်ဆီး၊ ဖီအိုရင်တီးနားနဲ့ ရိုးမားတို့မှာပါ။

ကျွန်တော်ပိုကောင်းလာဖို့ အမြဲကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော့်ရဲ့အကောင်းဆုံးနှစ်လို့ထင်ပါတယ်။ ကျွန်တော် တစ်နှစ်ပြီးတစ်နှစ်ပိုကောင်းတယ်လို့ ခံစားနေရပါတယ်။ အခုတော့ဒီနေရာမှာ စိန်ခေါ်မှုအသစ်ရှိနေပြီ”ဟု ဆာလက်ကဆိုသည်။

နံပါတ်ပြောင်းပေးသည့် ဖာမီနိုကိုကျေးဇူးတင်ကြောင်း၊ ကျောနံပါတ် ၁၁ မှာ ရိုးမားနှင့် အီဂျစ်တွင် ဝတ်ဆင်သည့်နံပါတ်ဖြစ် ကြောင်းနှင့် နံပါတ် ၁၁ ကိုကြိုက်နှစ်သက်ကြောင်းလည်း ဆာလက်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly