ဒေါ်နယ်ထရမ့်က စိတ္တဇဝေဒနာရှင်တစ်ဦးပဲဖြစ်သည်ဟု မြောက်ကိုရီးယား ပြော

ဒေါ်နယ်ထရမ့်က စိတ္တဇဝေဒနာရှင်တစ်ဦးပဲဖြစ်သည်ဟု မြောက်ကိုရီးယား ပြော

ပြုံယမ်း၊ ဇွန် ၂၂ ။          ။ ပြီးခဲ့သည့် သီတင်းပတ်က ကိုမာရောဂါဖြစ်ကာ မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့သော အမေရိကန်ကျောင်းသား အော့တိုဝမ်းဘီးယား သေဆုံး၍ တင်းမာမှုမြင့်တက်နေစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် စိတ်ဝေဒနာရှင်တစ်ဦးပဲဖြစ်သည်ဟု မြောက်ကိုရီးယားဖက်က ဇွန် ၂၂ ရက်တွင် ပြောလိုက်သည်။

အမေရိကန်သမ္မတသည် ကြမ်းတမ်းသည့် အခြေအနေ ရောက်နေကြောင်း၊ ပြည်တွင်း နိုင်ငံရေးပြဿနာများကို လမ်းကြောင်းလွှဲရန် မြောက်ကိုရီးယားအပေါ် ထိုးနှက်မည်ဆိုသည့် အယူအဆနှင့်   ဆော့နေသော သူသာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာ Roding Sinmun က ရေးသားသည်။

"တောင်ကိုရီးယားအနေနဲ့ စိတ္တဇသမား နောက်လိုက် လုပ်ခြင်းက ဘေးကပ်ဆိုက်ဖို့ကိုသာ ဦးတည်နေတယ်ဆိုတာ စဉ်းစားရလိမ့်မည်။"ဟု ယင်းသတင်းစာက ဖော်ပြသည်။

ပြီးခဲ့သည့်နှစ်က စပြီး မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှု အကြိမ်များစွာနှင့် ယင်းနိုင်ငံက ဖမ်းဆီးထားရာမှ ပြန်လွှတ်လိုက်သည့် အမေရိကန်ကျောင်းသားဝမ်ဘီးယား   သေဆုံးမှုတို့ကြောင့် နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်နေလျက်ရှိသည်။

ဝမ်ဘီးယားသေဆုံးမှုနှင့် ပတ်သက်ကာ သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားအစိုးရသည် လူမဆန်သော အစိုးရဖြစ်သည်ဟု ဇွန် ၁၉ ရက်က ပြစ်တင်ရှုတ်ချထားသည်။

ဝမ်ဘီးယားသည် မြောက်ကိုရီးယားနိုင်ငံအတွင်း ၂၀၁၆ ခုနှစ် မတ်လက ဟိုတယ်တစ်ခု၌ ကပ်ထားသည့် နိုင်ငံရေးကြေညာစာတမ်းတစ်ခုအား ဖြုတ်ချပစ်ခဲ့ခြင်းအတွက် ဖမ်းဆီးပြစ်ဒဏ်ခံရပြီး အချိန်တိုအတွင်း ကိုမာဆန်သော ရောဂါမျိုး ခံစားရနေရကာ ပြန်လည်လွတ်လာခဲ့ခြင်းသည်။

ဝမ်ဘီးယားမှာ လူက နိုးထနေသော်လည်း တုံ့ပြန်မှု အလျဉ်းမရှိသော အခြေအနေမျိုး ဖြစ်နေခဲ့သည်ဟု ၎င်းကို ကုသပေးစဉ်က အာရုံကြောပါရဂူများ ပြောပြီး မည်သည့်အတွက်ကြောင့် ယင်းသို့ ဦးနှောက်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့သည်ကို မသိရှိရဟု ၎င်းတို့က ဆိုထားခဲ့ကြသည်။

မြောက်ကိုရီးယားဖက်က ရှင်းလင်းချက်ပေးထားသလို Botulism အဆိပ်သင့်ဝေဒနာတစ်မျိုး ခံစားနေရခြင်း ဖြစ်သည်ဆိုခြင်းအတွက် သက်သေရှာမတွေ့ကြောင်းလည်း ဝမ်ဘီးယားအား ကုသပေးခဲ့ကြသည့် ဆေးပညာရှင်အဖွဲ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required