မင်္ဂလာဒုံမြို့နယ် လမ်းဘေးတွင် လူ ၁ ဦး သေဆုံးနေ

မင်္ဂလာဒုံမြို့နယ် လမ်းဘေးတွင် လူ ၁ ဦး သေဆုံးနေ
ဓာတ်ပုံ - ဒုတပ်ခွဲမှူးထင်လင်းအောင် (ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဇွန်လ ၂၂ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ လမ်းဘေးတွင် ယနေ့ ဇွန်လ ၂၂ ရက်၊ နံနက် ၆ နာရီအချိန်ခန့်တွင် သေဆုံးနေသူ အမျိုးသား ၁ ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

“ မနက် ၆ နာရီလောက်ပေါ့။ လမ်းသွားလမ်းလာပြည်သူတစ်ဦးက လမ်းဘေးမှာ လူတစ်ယောက်လဲ နေတာ တွေ့တာပေါ့။ တွေ့တော့ သူတို့က ရဲစခန်းကို အကြောင်းကြားတယ်။ ရဲစခန်းက လာစစ်တဲ့အချိန်မှာ ဒီလူက ထိုးသွင်းဒဏ်ရာတစ်ချက်နဲ့ သေဆုံးနေတာတွေ့ရတယ်”ဟု ပုလဲမြို့သစ်အရန်မီးသတ် တပ်ဖွဲ့မှ တာဝန်ခံ ကိုထင်လင်းအောင်က ပြောသည်။

အဆိုပါ အမျိုးသားအလောင်းကို မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီးရပ်ကွက်အပိုင်၊ အောင်မင်္ဂလာ ၁ လမ်းထိပ်၊ ဇေကမ္ဘာ ၆ လမ်းသွားလမ်းဘေးတွင် လမ်းသွားလမ်းလာတစ်ဦး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ရှိသူများ စစ်ဆေးချက်အရ ယင်းရုပ်အလောင်းမှာ လည်ပင်းထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံး နေခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၄ဝ အရွယ် ဦးမောင်မောင်စိုးဆိုသူဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်၊ ဇောတိက ၄ လမ်းတွင် အိမ်ငှားနေထိုင်ကာ ဆိုင်ကယ်ကယ်ရီဆွဲနေသူဖြစ်ကြောင်းသိရသည်။

အဆိုပါ သေဆုံးသူရုပ်အလောင်းအား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပြီး မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှ အမှုအား ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required