ကြားဖြတ်ရွေးကောက်ပွဲသည် အောင်မြင်သော်လည်း ပြီးပြည့်စုံခြင်း မရှိသေးဟု ပြော

ကြားဖြတ်ရွေးကောက်ပွဲသည် အောင်မြင်သော်လည်း ပြီးပြည့်စုံခြင်း မရှိသေးဟု ပြော

ဇွန် ၂၂၊ ရန်ကုန် ။             ။ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲသည် အောင်မြင်သော်လည်း ပြီးပြည့်စုံသော ရွေးကောက်ပွဲမဟုတ်သေးဟု ပိုမိုကောင်းမွန်သော ရွေးကောက်ပွဲများဖြစ်လာစေရန် ရည်ရွယ်ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။

“အမှန်တိုင်းပြောရရင်တော့ ကျွန်တော်တို့ ၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲဟာ အောင်မြင်စွာကျင်းပနိုင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့အောင်မြင်မှုတော့ မဟုတ်သေးဘူးဆိုတာ ကျွန်တော်တို့ဝန်ခံပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရလဲ ပြန်သုံးသပ်တော့ ကျွန်တော်တို့မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့တာလည်း အဓိက အချက်ပါပဲ” ဟု ဦးလှသိန်းက ပြောသည်။

ယနေ့ ဇွန်လ ၂၂ ရက်တွင် ရန်ကုန်မြို့ Kandawgyi Palace Hotel ၌   ပြုလုပ်သော၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများအကြား ပြန်လည်ဆွေးနွေးသုံးသပ်ပွဲတွင်   ပြောခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြီးပြည့်စုံခြင်းမရှိခြင်းမှာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများ မကျင်းပနိုင်ခြင်းကြောင့်ဟု ကော်မရှင်ဥက္ကဋ္ဌကဆိုခဲ့ပြီး ယခင်က ဒီမိုကရေစီရွေးကောက်ပွဲများမဟုတ်သောကြောင့် အသားမကျသေးကြောင်း ပြောဆိုခဲ့သည်။

“ဘာကြောင့်ဒီလိုဖြစ်ရလဲ ပြန်သုံးသပ်တော့ ကျွန်တော်တို့မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့တာလည်း အဓိက အချက်ပါပဲ။ ကျွန်တော်တို့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေက ဒီမိုကရေစီနည်းကျ ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေ မဟုတ်တဲ့အတွက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ လုပ်လိုက်တဲ့အခါမှာ အသားမကျတော့ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် ကဏ္ဍစုံမှ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အကြုံပြုသူများ၏ အကြံပြုချက်များကို နားထောင်၍ ပြင်ဆင်သင့်သော အချက်များကို ပြန်လည်ပြင်ဆင်သွားဖြစ်ကြောင်း သိရသည်။

“ဒီမိုကရေစီဖွံဖြိုးတိုးတက်ပြီးနိုင်ငံများနဲ့ ယှဉ်ပြီးပြောမယ့်အစား ကျွန်တော်တို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရှိပါတယ်။ ကျွန်တော်တို့နဲ့ မိတ်ဖက်နိုင်ငံခြား အဖွဲ့အစည်းတွေ ရှိပါတယ်။ သူတို့တွေရဲ့ သုံးသပ်ချက်ကို ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီကို စခြေလမ်းလှမ်းတဲ့နိုင်ငံတွေထဲမှာတော့ ကျွန်တော့်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲသည် အောင်မြင်တယ်လို့ မှတ်ချက်ပြုမှုလေးတွေတော့ ကျွန်တော်တို့ ပြန်ကြားရပါတယ်” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

 အဆိုပါ သုံးသပ်ဆွေးနွေးပွဲကို Kandawgyi Palace Hotel တွင် ဇွန်လ၂၂ နှင့် ၂၃ ရက်တွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly