ဧရာဝတီတိုင်းတွင် ၆၆(ဃ)အား ပုဂ္ဂိုလ်ရေးကိစ္စများနှင့် အများဆုံးအမှုဖွင့်

ဧရာဝတီတိုင်းတွင် ၆၆(ဃ)အား ပုဂ္ဂိုလ်ရေးကိစ္စများနှင့် အများဆုံးအမှုဖွင့်

ပုသိမ်၊ ဇွန် ၂၂ ။            ။ ဧရာဝတီတိုင်းဒေသကြီးတွင် ၆၆(ဃ)ဖြင့် ၁၈မှု အနက် လူမှုကွန်ယက်ပေါ်တွင် ရေးသားမှုများအပေါ် ပုဂ္ဂိုလ်ရေးကိစ္စများနှင့် အများဆုံးအမှုဖွင့်ကြကြောင်း သိရသည်။

လက်ရှိတွင် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် ၁၈မှု ရှိပြီး တရားစွဲဆိုထားသည့် အမှု ၃ မှု ရှိကြောင်း သိရသည်။

"ဧရာဝတီတိုင်းဒေသကြီးမှာ ၆၆(ဃ)ဖြင့် ၁၈မှု အမှုဖွင့်ထားပြီး၊တရားစွဲဆိုထားသည့် အမှု ၃ မှု နှင့်စစ်ဆေးဆဲ ၁၅ မှု ရှိပါတယ်။ စစ်ဆေးဆဲဆိုတာတွေက အများအားဖြင့် ဆက်သွယ်ရေးဝန်ကြီးဌာန ခွင့်ပြုမိန့်ကို တောင်းခံဆဲအမှုတွေဖြစ်ပါတယ် ။ ကျွန်တော်တို့ တိုင်းဒေသကြီးမှာဖြစ်တဲ့ ၆၆(ဃ)က ပုဂ္ဂိုလ်ရေး တစ်ယောက်နဲ့ တစ်ယောက် Facebook တင်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး မခံချင်တဲ့အတွက် အမှုဖွင့်တာများပါတယ်၊နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖွင့်တဲ့ အမှုမရှိသလောက်ပါပဲ”ဟု ဒုရဲမှူးကြီးခင်မောင်လတ်က ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ထားမှု အခြေအနေအား ပြောသည်။

ဧရာဝတီတိုင်းရှိ မြို့နယ်များအနက် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)အမှု အများဆုံးမှာ ပုသိမ်မြို့ ဖြစ်ကြောင်း သိရှိရသည်။

ပုဒ်မ၆၆(ဃ)မှာ ဆက်သွယ်ရေးကွန်ရက်အား အသုံးပြုပြီးတော့ လူတစ်ဦးတယောက်အတွက်ခြိမ်းခြောက်ခြင်း၊  အနိုင်ကျင့်ခြင်း၊ ဂုဏ်သိက္ခာကို ညှိနွမ်းစေခြင်း၊အဲဒါမှာ လာဘ်ပေးလာဘ်ယူမှုတွေဖြစ်ရင် ၆၆(ဃ)အရ ၃ နှစ် အထိထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်။

အဆိုပါ ဆက်သွယ်ရေးပုဒ်မ ပုဒ်မ၆၆(ဃ)မှာ လွဲမှားနေပြီး လုံးဝဖျက်သိမ်းသင့်ကြောင်း ယင်းပုဒ်မဖြင့် တရားစွဲခံရသူ တစ်ဦးက  ပြောသည်။

"ပုဒ်မ တော်တော်လွဲနေတယ် ။ ဥပမာ ဆက်သွယ်ရေးဥပဒေပုဒ်မက အီလက်ထရောနစ်နည်းပညာတစ်ခုခုနဲ့ ဖန်တီးပြီးတော့မှ လုပ်ဆောင်ထားတဲ့အပေါ်မှာ သတင်းအချက်အလက်ဖြန့်ဝေတာပေါ့နော် ။ အဲဒါမျိုးဆိုရင်တော့ ဆက်သွယ်ရေးဥပဒေနဲ့ညီတတယ်။ အခုက ကျွန်တော်တို့ ပြဇာတ်ကတာ ကိုယ်ကိုတိုင် ကတာမဟုတ်ဘူး။ အခမ်းအနားတစ်လုံးကို တင်တဲ့အထဲမှာ ပါသွားတာကို စွဲတာ။ ဥပဒေအရလွဲနေတာပေါ့”ဟု ပုသိမ်မြို့နယ်တရားရုံးတွင် ပုဒ်မ၆၆(ဃ)ဖြင့် တရားစွဲခံရသူ ဦးထွန်းထွန်းဦးက ပြောသည်။

ဒီမိုကရေစီကို စံထိုးပြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီမှာ အခြေခံကျသော လူအခွင့်အရေးများကို လေးစား တန်ဖိုးထားပြီး အာမခံနိုင်တဲ့စနစ်ဖြစ်လာရန် ဆက်သွယ်ရေးပုဒ်မတွေ ၊ပုဒ်မ၁၈၊ပုဒ်မ၁၉တွေ လုံးဝဖျက်သိမ်းသင့်သည်လို့ မြင်သည်ဟု ၎င်း ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ မီဒီယာများက ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆(ဃ)ဖြင့် သတင်းမီဒီယာသမားများအား အမှုဖွင့် ဖမ်းဆီးချုပ်နှောင်ခြင်းလုပ်ရပ်များအား ကန့်ကွက်ရှုတ်ချကြောင်းနှင့် မီဒီယာလွတ်လပ်ခွင့်ရရန် ဇွန်လ၁၂ရက်နေ့တွင် ပုသိမ်မြို့တွင် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required