သံမဏိနှင်းဆီဂျာနယ်တိုက် လူသတ်မှုတွင် သက်သေခံအဖြစ် တင်သွင်းသော ဆောင်းပါးအား ပယ်ချ

သံမဏိနှင်းဆီဂျာနယ်တိုက် လူသတ်မှုတွင် သက်သေခံအဖြစ် တင်သွင်းသော ဆောင်းပါးအား ပယ်ချ

ရန်ကုန်၊ ဇွန်လ ၂၂ ။          ။ သံမဏိနှင်းဆီဂျာနယ်တိုက်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ပတ်သက်ပြီး ယနေ့ ဇွန်လ ၂၂ ရက်နေ့ တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ရာ တရားပြိုင်ဘက်မှ သက်သေခံအဖြစ် တင်သွင်းသော ဆောင်းပါးအား တရားရုံးမှ လက်မခံကြောင်း ပယ်ချခဲ့သည်။

ဇွန်လ ၈ ရက်နေ့ ၊ အရှေ့ပိုင်းခရိုင်တရားရုံး ရုံးချိန်းတွင် ဆောင်းပါးကို အောင်ကိုကို၏ ရှေ့နေက သက်သေအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ ရုံးချိန်းတွင် ယင်းဆောင်းပါးအား သက်သေခံတင်သွင်းထားမှုအပေါ် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ကြခြင်းဖြစ်သည်။ 

သေဆုံးသူ ကိုဝေယံဟိန်း၏ ဖခင်ဖြစ်သူ တရားလို ဦးစိန်အုပ်က စိန်အုပ်(ရာမညမြေ) ကလောင်အမည်ဖြင့် ၂ဝ၁၇ ခုနှစ်၊ မေလ ၅ ရက်နေ့ထုတ် သံမဏိနှင်းဆီဂျာနယ်တွင် “ မာယာထောင်ချောက်လား သို့မဟုတ်”ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော ဆောင်းပါး ဖြစ်သည်။

“ သက်သေခံအဖြစ် အဓိကပယ်ချရတဲ့ အကြောင်းရင်းကတော့ ဆောင်းပါးက ထင်မြင်ယူဆချက်ကို ရေးသား ထားတာဖြစ်တယ်။ ဆောင်းပါးမှာ ပါတဲ့ အချက်အလက်တွေအားလုံးက ဆောင်းပါးရေးတဲ့သူ ကိုယ်တိုင်မြင် တွေ့သိရှိတဲ့ အချက်အလက်တွေနဲ့ တစ်ဆင့် ကြားသိတဲ့အချက်တွေကို ခံစားချက်နဲ့ ရေးသားထားတာဖြစ်တယ်။ တရားရုံးမှာကျွမ်းကျင်သူ ထင်မြင်ချက်ကသာ သက်သေဝင်တယ်။ သူက ကျွမ်းကျင်သူ မဟုတ်ဘူးလေ ။ ဒါကြောင့် ဒီဆောင်းပါးဟာ သက်သေခံ ပုဒ်မ - ၄၅ အရ သက်သေခံမဝင်ပါဘူး”ဟု အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်ခရိုင်တရားသူကြီး(၂) သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ထူးက ပြောသည်။

ဆောင်းပါးပါ အကြောင်းအရာများမှာ အမှုနှင့်သက်ဆိုင်သော အကြောင်းအရာများဖြစ်သော်လည်း တရားရုံးတွင် သက်သေခံဥပဒေနှင့်အညီ ကိုယ်တိုင်မြင်တွေ့သောအချက်များကိုသာ သက်သေခံခွင့်ရှိပြီး ထင်မြင်ယူဆချက်များအား သက်သေခံအဖြစ် တင်ပြနိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

“ဆောင်းပါးရေးသူကိုယ်တိုင်ကလည်း ရုံးတော်ရှေ့မှာ ကိုယ်တိုင်အစစ်ခံနေတာလည်း ဖြစ်တဲ့အတွက် သူ့အနေနဲ့ ခံစားပြီးရေးသားထားတဲ့ ဒီဆောင်းပါးကို သက်သေခံအဖြစ်ကနေ တရားသူကြီးမင်းက ပယ်လိုက်တာ ပါ”ဟု ဦးဇော်ထူးက ဆောင်းပါးအား သက်သေခံအဖြစ်မှ ပယ်ချရခြင်းအကြောင်းကို ရှင်းပြသည်။

ယင်းအမှုကို လာမည့် ဇွန်လ ၂၉ ရက်နေ့ကို ထပ်မံ ရုံးချိန်း ချိန်းဆိုလိုက်ပြီး အဆိုပါ ရုံးချိန်းတွင် တရားလိုဖြစ်သူ ဦးစိန်အုပ်ကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၆ ရက်၊ ၈ နာရီအချိန်ခန့်က ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်တရားရုံးအနီးရှိ တိုက် အမှတ် ၂ဝ၈၊ ပထမထပ်၊ သံမဏိနှင်းဆီဂျာနယ်တိုက်တွင် ကိုဝေယံဟိန်းအား ဓား ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သံသယရှိသူ အသက် ၃ဝ အရွယ် အောင်ကိုကို၊ ၎င်းဇနီးဖြစ်သူ အသက် ၂၉ နှစ်အရွယ် မအယ်နီ(ခ) ရိုစီနှင့် အသက် ၃ဝ အရွယ်  ပြည်သူ နိုင်(ခ) ဘုရားပွဲ(ခ) ဖြိုးသော် တို့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required