မန်စီးတီးအသင်းက ခေါ်ယူလိုနေသည့် အဲလ်ဗက်စ်ကို ဂျူဗင်တပ်စ်အသင်းဘက်မှ စာချုပ်ဖျက်သိမ်းပေးခဲ့

မန်စီးတီးအသင်းက ခေါ်ယူလိုနေသည့် အဲလ်ဗက်စ်ကို ဂျူဗင်တပ်စ်အသင်းဘက်မှ စာချုပ်ဖျက်သိမ်းပေးခဲ့

ဇွန် ၂၂၊ အင်္ဂလန် ။            ။ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် မန်စီးတီးအသင်းက ခေါ်ယူလိုနေသည့် ဘရာဇီးနောက်ခံကစားသမား အဲလ်ဗက်စ်၏ စာချုပ်ကို ဖျက်သိမ်းပေးလိုက်ပြီ ဖြစ်သည်။

ဘာစီလိုနာနောက်ခံကစားသမားဟောင်း ဒန်နီအဲလ်ဗက်စ်သည် ဂျူဗင်တပ်စ်အသင်းတွင် တစ်ရာသီသာ ကစားရသေးပြီး စီးရီးအေဖလားနှင့်ကိုပါအီတာလီယာဖလားတို့ကို ရယူနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

အဲလ်ဗက်စ်နှင့် ဂျူဗင်တပ်စ်တို့၏ စာချုပ်သက်တမ်းမှာ တစ်နှစ်ကျန်သေးသော်လည်း အဲလ်ဗက်စ်၏ အေးဂျင့်နှင့် ဂျူဗင်တပ်စ်အသင်း၏ တာဝန်ရှိသူများ ပြောဆိုဆွေးနွေးခဲ့ပြီးနောက် စာချုပ်ဖျက်သိမ်းရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်း၏ အမှုဆောင်အရာရှိချုပ် မာရော့တာက အတွေ့အကြုံသစ်များကို ရှာဖွေလိုနေသည့် အဲလ်ဗက်စ်၏ဆန္ဒကို လိုက်လျောလိုက်ခြင်းဖြစ်သည်ဟု ဆိုခဲ့ပြီး ဘရာဇီးနောက်ခံကစားသမားအနေဖြင့် အနာဂတ်တွင် အဆင်ပြေပါစေကြောင်း ဆန္ဒပြုခဲ့သည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် အဲလ်ဗက်စ်ကို မန်စီးတီးအသင်းက ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။ အဲလ်ဗက်စ်သည် လက်ရှိ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ဘာစီလိုနာတွင် လေးနှစ်ကြာ လက်တွဲခဲ့သူ ဖြစ်သည်။ ထိုကာလအတွင်း ဂွါဒီယိုလာနှင့် အဲလ်ဗက်စ်တို့မှာ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ လာလီဂါဖလား ၃ ကြိမ် ရရှိခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required