Skytraxမှ ချီးမြင့်သော ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းဆု AirAsia ၉ ကြိမ်ဆက်တိုက်ရ

Skytraxမှ ချီးမြင့်သော ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းဆု AirAsia ၉ ကြိမ်ဆက်တိုက်ရ

၂၀၁၇ ဇွန်လ၂၀ရက် ပြင်သစ်နိုင်ငံ Le Bourget ရှိ ပါရီလေဆိပ်ပြပွဲမှာ ကျင်းပသော Skytrax ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်း ဆုချီးမြှင့်ပွဲတွင် AirAsia သည် ၉နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းဆု ကိုရရှိခဲ့သည်။ ကုမ္ပဏီမှာနှစ်၂၀ကြာ အမှုထမ်းဆောင်ခဲ့တဲ့ AirAsia ၏ လေယာဉ်အမှုထမ်း အရာရှိချုပ် Suhaila Hassan နှင့် အတူ အဲအေးရှား၏ Ambassador နှစ်ယောက်ဖြစ်တဲ့ David Foster နှင့် ဘရာဇီးဘောလုံးကစားသမား Roberto Carlos တို့က အဆိုပါဆုကို လက်ခံရယူခဲ့ပါတယ်။

Foster ဟာ ဆယ်စုနှစ်လေးစုတိုင် ၄၇ကြိမ် ဂရမ်မီ စကာတင်ဝင်ခဲ့ပြီး ဂရမ်မီဆုကို ၁၆ကြိမ် ဆွတ်ခူးရရှိခဲ့သော ကမ္ဘာကျော်က နေဒါလူမျိုး ထုတ်လုပ်သူ၊ ဂီတသမား၊ သီချင်းရေးဆရာဖြစ်ပြီး Carlos ဟာ Real Madrid အသင်းမှာ စပိန်လာလီဂါဖလား လေးကြိမ်ရရှိအောင် ပံ့ပိုးပေးတဲ့ နောက်တန်းကစားသမားအဖြစ် ပါဝင်ကစားခဲ့သလို ၂၀၀၂ ကမ္ဘာ့ဖလားပွဲမှာ ဘရာဇီးအသင်းကို အနိုင်ရရှိအောင် ပံ့ပိုးပေးခဲ့တဲ့ အားကစားသမားကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ Skytrax ဆုဟာဆိုရင် လေကြောင်းလိုင်းများအတွက် လေကြောင်းလိုင်း အော်စကာလို့တောင် ဆိုရလောက်တဲ့ အပြည်ပြည်ဆိုင်ရာဆု အမှတ်အသားဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၀၅ကျော်ရှိ ခရီးသည်ပေါင်း ၁၉သန်းကျော်ထံမှ စစ်တမ်းများ ကောက်ယူပြီး လေကြောင်းလိုင်းတစ်ခု၏ စွမ်းဆောင်မှု၊ ဝန်ဆောင်မှုတို့ကို စံသတ်မှတ်ချက် ၄၉ချက်ဖြင့် အကဲဖြတ်ရွေးချယ်တာ ဖြစ်ပါတယ်။

အဲအေးရှား၏ အမှုဆောင်အရာရှိချုပ် Tony Fernandesက ရှုထောင့်တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် ဘရာဇီးဟာဆိုရင် FIFA ကမ္ဘာ့ဖလားမှာ ဖလား၅ကြိမ်ရခဲ့တယ်၊  Michael Jordan က NBA မှာ ၆ကြိမ် ချန်ပီယံဖြစ်ခဲ့တယ်။ Michael Phelps က Olympics မှာ ရွှေတံဆိပ်ဆု ရှစ်ခု ရယူပြီး ပထမနေရာမှာ ရှိနေခဲ့တယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် ဒီနေ့မှာ ကျွန်တော်တို့ အဲအေးရှားက အာဆီယံအတွက် ကမ္ဘာ့စံချိန်တစ်ခုကို ချိုးနိုင်ခဲ့ပါပြီ။ အဲအေးရှားဟာ ၉နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းဆုကို ရရှိခဲ့ပါတယ်။

ကျွန်တော်တို့ အဲအေးရှားက ဒီချန်ပီယံဆုကို အထူးအလေးထားပြီး ဧည့်သည်တော်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် သူများအတွက် ပိုမိုအဆင်ပြေအောင် ဆက်လက်ကြိုးပမ်းသွားမှာပါ။ လွန်ခဲ့တဲ့၁၅နှစ်ကတည်းက ကျွန်တော်တို့ အဲအေးရှား လေကြောင်းလိုင်းကို အကောင်းဆုံးဖြစ်အောင် ထူထောင်နိုင်ခဲ့ပါပြီ။ နောက် ၁၅နှစ်မှာလည်း ပိုမိုယုံကြည်စိတ်ချရတဲ့ အာဆီယံလေကြောင်းလိုင်းအဖြစ်သို့ ဆက်လက် ကြိုးစားသွားမှာပါ။ ဒါ့အပြင် ဒီဂျစ်တယ် လေကြောင်းလိုင်းအဖြစ် နည်းပညာများကို အသုံးပြုကာ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမှာပါ။ အခုလို ၉ နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံးဆုကို ရရှိအောင်ကျွန်တော်တို့ကို နောက်ကွယ်က ပံ့ပိုးပေးခဲ့တဲ့ အဲအေးရှားရဲ့ ဧည့်သည်တော်များကို ကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်တို့ အဲအေးရှားမှ David နဲ့ Roberto တို့ကို လေကြောင်းအရာရှိ Suhaila Hassan နှင့်အတူ ဆုလက်ခံရယူဖို့ တောင်းဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လူကြီးမင်းနှစ်ဦးစလုံးက ဂီတနှင့် အားကစားလောက အသီးသီးမှာ ကျော်ကြားထူးချွန်သူတွေ ဖြစ်နေတာမို့ ကျွန်တော်တို့ ဝန်ထမ်းတွေကို အတုယူစေချင်လို့ပါ။

AirAsia ၏ လေယာဉ်အမှုထမ်းအရာရှိချုပ် Suhaila Hassan က ဒီဆုကို AirAsia ရဲ့ဝန်ထမ်းတွေကိုယ်စား တက်ရောက်ယူခွင့်ရတာကို အလွန်ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေက တကယ့်ချန်ပီယံတွေပါ။ မလေးရှား ပြည်တွင်းလေကြောင်းလိုင်းမှ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းအဖြစ်သို့ ရောက်ရှိလာသည်အထိ ပါဝင်လုပ်ဆောင်နိုင်ခဲ့တဲ့ ဒီနှစ်၂၀ကာလဟာ အလွန်ထူးခြားတဲ့ နှစ်တွေပါပဲ။ ကျွန်တော်တို့မှာ စိတ်ဓာတ်ပြင်းပြပြီး အလုပ်ကြိုးစား၊ စွန့်လွှတ်အနစ်နာခံတဲ့ ဝန်ထမ်းတွေရှိတာကြောင့် အဲအေးရှားဟာ ကမ္ဘာ့နံပါတ် ၁ လေကြောင်းလိုင်း LCC အဖြစ်နဲ့ ကျွန်တော်တို့ရဲ့ ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ ဗီယက်နမ်နိုင်ငံတွေအထိ ကျွန်တော်တို့ တိုးချဲ့ပျံသန်းသွားမှာ ဖြစ်ပါတယ်။

 

အဲအေးရှားအကြောင်းတစေ့တစောင်း

 

အဲအေးရှားသည် ခရီးသည်များအတွက် အကောင်းဆုံး ဝန်ဆောင်မှုနှင့် ကမ္ဘာတဝန်းရှိမြို့ပေါင်း ၁၂၀ကျော်သို့ ပြေးဆွဲနေသော အာရှ၏ အကြီးဆုံး တန်ဖိုးနည်းလေကြောင်းလိုင်း ဖြစ်ပါသည်။ အဲအေးရှားသည် ၂၀၀၁ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့ချိန်မှစ၍ ခရီးသည်ပေါင်း သန်း ၄၀၀ ကျော်ကို သယ်ဆောင်ပျံသန်းပေးခဲ့ပြီး လေယာဉ်စီးရေပေါင်း ၂၀၀ကျော်ရှိလာသည်အထိ ဖွံ့ဖြိုး ကြီးထွားလာခဲ့ပြီဖြစ်သည်။ အဲအေးရှားသည် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများတွင် အခြေစိုက်လျက်ရှိပြီး ဆက်လက်၍ အာရှတခွင်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ ကွန်ယက်ဖြန့်ကျက်လျက်ရှိသော အာဆီယံလေကြောင်းလိုင်းတစ်လိုင်း အနေဖြင့် လွန်စွာဂုဏ်ယူမိပါသည်။ အဲအေးရှားသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော Skytrax World Airline Awards တွင်လည်း ကမ္ဘာ့အကောင်းဆုံး တန်ဖိုးနည်း လေေကြာင်းလိုင်းအနေဖြင့် Skytrax World Airline Awards ကို ၂၀၀၉မှ ၂၀၁၇ ခုနှစ်အထိ ၉ကြိမ်ဆက်တိုက် ရရှိခဲ့သည်။ အဲအေးရှားသည် ၂၀၁၇ခုနှစ်တွင် ကမ္ဘာ့ရှေ့ဆောင် တန်ဖိုးနည်းလေကြောင်းလိုင်းအနေဖြင့်လည်း World's Leading Low-Cost Airline ဆုကို ၄ကြိမ်မြောက် ရရှိခဲ့ပြီး တခြားသော Full-Service လေကြောင်းလိုင်းများကို ကျော်ဖြတ်၍ ကမ္ဘာ့ရှေ့ဆောင် လေယာဉ်ဝန်ဆောင်မှု အကောင်းဆုံးဆု (World's Leading Inflight Service) ကို ရရှိခဲ့သော ပထမဆုံး တန်ဖိုးနည်းလေကြောင်းလိုင်း တစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags