အသင်းဟောင်းနေစီယွန်နယ်က ကွင်းနာမည်ပေးပြီး ဆွာရက်ဇ်ကို ဂုဏ်ပြု

အသင်းဟောင်းနေစီယွန်နယ်က ကွင်းနာမည်ပေးပြီး ဆွာရက်ဇ်ကို ဂုဏ်ပြု

ဇွန် ၂၂၊ ဥရုဂွေး ။            ။ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ရဲ့ ငယ်မွေးခြံပေါက်ကလပ် နေစီယွန်နယ်အသင်းက သူတို့ရဲ့ကစားသမားဟောင်းကို ဂုဏ်ပြုတဲ့အနေနဲ့ လေ့ကျင့်ရေးကွင်းနာမည်ကို လူးဝစ္စဆွာရက်ဇ်လို့ ပေးအပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ဆွာရက်ဇ်က မိသားစုနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ဒီလိုဂုဏ်ပြုခံရတဲ့အတွက် ဥရုဂွေးတိုက်စစ်မှူးဟာ စိတ်လှုပ်ရှားနေခဲ့ပြီး ဝမ်းသာမျက်ရည်တောင်ကျခဲ့ပါတယ်။

‘တကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပြီး ဝမ်းမြောက်မိပါတယ်။ ကစားနေရတဲ့ ဘောလုံးပွဲစဉ်တွေက များလွန်းတဲ့အတွက် ဒီနေရာကို အချိန်အကြာကြီး ပြန်မလာနိုင်ခဲ့ပါဘူး။

ဒီနေရာကို ကျွန်တော့်ကလေးတွေကို မြင်စေချင်ပါတယ်။ သူတို့အဖေဘယ်ကလာတာလဲ၊ သူတို့အဖေရဲ့ ဘောလုံးသမားဘဝက ဘယ်ကစတာလဲဆိုတာကို မြင်စေချင်ပါတယ်။

ဒီကလူငယ်ဘောလုံးသမားတွေကိုလဲ ကျွန်တော့်လိုပဲ ဖြစ်စေချင်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင် အရည်အချင်းတွေရှိပါတယ်။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။

ကျွန်တော့်ကို ဒီလိုဂုဏ်ပြုပေးတဲ့ နေစီယွန်နယ်အသင်းကိုလည်း ကျေးဇူးတင်ပါတယ်’ လို့ ဆွာရက်ဇ်က ပြောခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ နေစီယွန်နယ်လူငယ်အသင်းကနေသူ့ရဲ့ဘောလုံးသမားဘဝကို စတင်ခဲ့သူ ဖြစ်ပါတယ်။ နေစီယွန်နယ်အသင်းကနေမှ ဂရိုနင်ဂျန်၊ ဂရိုနင်ဂျန်မှ   အေဂျက်ဇ်၊ အေဂျက်ဇ်ကနေ လီဗာပူးလ်၊ လီဗာပူးလ်ကနေမှ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပါတယ်။

ကစားသမားဘဝတစ်လျှောက်မှာ ဂိုးပေါင်း ၃၄၁ ဂိုးအထိသွင်းသူထားပြီး ဆုဖလားပေါင်း ၁၄ လုံးအထိ ရယူထားနိုင်သူ ဖြစ်ပါတယ်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required