မန္တလေးဝန်းကျင်တွင် တာယာအဟောင်းများဖြင့် ကလေးကစားကွင်းများ အခမဲ့ လုပ်ဆောင်ပေးမည်

မန္တလေးဝန်းကျင်တွင် တာယာအဟောင်းများဖြင့် ကလေးကစားကွင်းများ အခမဲ့ လုပ်ဆောင်ပေးမည်

ကလေးများ အတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ ကစားနိုင်သော တာယာအဟောင်းများဖြင့် ပုံဖော်မည့် ကစားကွင်းများအား မန္တလေးမြို့ ဝန်းကျင်တွင် အခမဲ့ လိုက်လံ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

'' ဘယ်နေရာသွားသွား ကလေးတွေအတွက် ကစားစရာ နေရာမရှိဘူးဖြစ်နေတယ်၊ ကလေးတွေအတွက် ကစားစရာနေရာလေးတွေ ရပ်ကွက်တိုင်းမှာ ရှိစေချင်လို့ အခုလို စီစဉ်ဖြစ်တာပါ၊ ကစားကွင်း လုပ်ချင်တဲ့ လူတွေအနေနဲ့ အဲလိုလုပ်ဆောင်ပေးတာကို လုပ်အားခရှိရင် လုပ်အားခ ထည့်ပေးလို့ ရတယ်၊ လုပ်အားခမတတ်နိုင်ရင်လည်း ကိုယ်ဆီက ပရဟိတအဖွဲ့တွေက အခမဲ့ သွားလုပ်ပေးမှာပါ '' ဟု Smart Kids College ကျောင်းတည်ထောင်သူ ဒေါ်နန်းမေသဲဦးက ပြောသည်။

တာယာအဟောင်းဖြင့် ပုံဖော်မည့် ကစားကွင်းတွင် ကိုယ်ခန္ဓာ ကြံ့ခိုင်ရန်အတွက် တွားသွား၍ အပေါ်ကို တက်ရသည့် ပုံစံကစားနည်းများ၊ ဉာဏ်ရည်သုံး၍ သွားလာရသည့် ပုံစံကစားနည်းများ၊ ကိုယ်ခန္ဓာ ဟန်ချက်ထိန်းသွားလာရသည့်ကစားနည်းများ စသည့် ကိုယ်ခန္ဓာ ကြံ့ခိုင်စေမည့် ကစားနည်းပုံစံများကို အဓိက ပုံဖော်သွာမည်ဖြစ်သည်။

'' အခု မန္တလေးမြို့ဝန်းကျင် လိုက်လုပ်ပေးနိုင်ဖို့ တာယာအဟောင်းတွေ အလှူခံနေပါတယ်၊ အခြားမြို့တွေမှာ လိုက်လုပ်ပေးနိုင်အောင် ပရဟိတစိတ်နဲ့ ကူညီချင်သူတွေ လိုက်စုနေပါတယ်၊ လုပ်ပေးနိုင်ဖို့လည်း စီစဉ်နေပါတယ်၊ လက်ရှိ တာယာအဟောင်းတွေထားနိုင်ဖို့ နေရာလိုအပ်နေပါတယ် '' ဟု  ဒေါ်နန်းမေသဲဦးက ပြောသည်။

ကလေးကစားကွင်းတစ်ခု ဖြစ်ပေါ်လာရန် အကျယ်အဝန်း ပေ(၅၀) မှ (၁၀၀)ကြားရှိရန် လိုအပ်ရာ တာယာဟောင်း အလုံး(၅၀) မှ (၁၀၀)ကြား၊ ပျဉ်ပြားအထူများ၊ မူလီများ၊ လွှ၊ ကြိုး နှင့်အခြား ပစ္စည်းများ လိုအပ်မည်ဖြစ်ပြီး ကုန်ကျစရိတ် ကျပ်သုံးသိန်း မှ ငါးသိန်းကြား ကုန်ကျမည်ဖြစ်သည်။

တာယာအဟောင်းများဖြင့် ကစားကွင်း ပြုလုပ်လိုသူများ၊ လှူဒါန်းလိုသူများ၊ ပရဟိတစိတ်ဖြင့် ကူညီချင်သူများအနေဖြင့် 09-448 014 021, 09-910 522 27, 09-402 783 036, 09-797 450 010 တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required