မက္ကဆီကိုနှင့်အကြား ကာရံမည့် နယ်စပ်တံတိုင်းတွင် ဆိုလာပြားများ တပ်ဆင်နိုင်ဟု ဒေါ်နယ်ထရမ့် ပြော

မက္ကဆီကိုနှင့်အကြား ကာရံမည့် နယ်စပ်တံတိုင်းတွင် ဆိုလာပြားများ တပ်ဆင်နိုင်ဟု ဒေါ်နယ်ထရမ့် ပြော

ဇွန် ၂၂ ။              ။ မက္ကဆီကိုနှင့်အကြား နယ်စပ်တစ်လျှောက် ကာရံမည့် တံတိုင်းတွင် ဆိုလာဘုတ်ပြားများ တပ်ဆင်မည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကြံပြုပြောကြားလိုက်သည်။

ယင်းကဲ့သို့ နယ်စပ်တံတိုင်းတွင် ဆိုလာပြားများ တပ်ဆင်ခြင်းက စွမ်းအင်ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး ယင်းအတွက်ကြောင့်လည်း အငြင်းပွားဖွယ် တံတိုင်းတည်ဆောက်မှု ကုန်ကျစရိတ်အတွက် ကူညီဖြေရှင်းနိုင်ကြောင်း Iowa ပြည်နယ် လူထုတွေ့ဆုံပွဲတစ်ခု၌ ထရမ့်က ပြောသည်။

ယခု အစီအစဉ်ဟာ ၎င်း၏ ကိုယ်ပိုင်စိတ်ကူးဖြစ်ကြောင်း ထရမ့်က ပြောသည်။ " အဲလို ကာလိုက်မယ်ဆို ဘယ်နှယ့်လဲ၊ ကောင်းတယ်မလား၊ ကောင်းမှာပေါ့၊ အဲဒီ ကျူပ်ရဲ့ အိုင်ဒီယာလေ" ဟု ထရမ့်က ပြောသည်။

ယခုကဲ့သို့ တံတိုင်းတွင် ဆိုလာပြားများတပ်ဆင်းခြင်းဖြင့် စွမ်းအင်ထုတ်ယူရရှိနိုင်ပြီး ယင်းက နယ်စပ်တံတိုင်းတည်ဆောက်မှုအတွက် ကုန်ကျစရိတ်ကို ကူညီဖြည့်ဆည်းနိုင်မည်ဖြစ်သကဲ့သို့ မက္ကဆီကိုအစိုးရအနေဖြင့် ငွေကြေးများစွာ စိုက်ထုတ်ကုန်ကျခံစရာလိုတော့မည်မဟုတ်ကြောင်း ထရမ့်က ပြောသွားသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ရွေးကောက်ပွဲမဲဆွယ်မှုများကတည်းက မက္ကဆီကို နယ်စပ်တစ်လျှောက် တံတိုင်းကာရံသွားမည်ဖြစ်ကြောင်းနှင့် ယင်းမှသာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုများနှင့် မူးယစ်ကုန်သွယ်မှုများကို တားဆီးနိုင်မည်ဖြစ်ကြောင်း ပြောကြားထားခဲ့သူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags