ပီအက်စ်ဂျီအသင်းအနေဖြင့် ဗာရတ်တီကို ဘာစီလိုနာသို့ ပြောင်းခွင့်ပြုလိမ့်မည် မဟုတ်ဟု ကလွိုက်ဗက်ဆို

ပီအက်စ်ဂျီအသင်းအနေဖြင့် ဗာရတ်တီကို ဘာစီလိုနာသို့ ပြောင်းခွင့်ပြုလိမ့်မည် မဟုတ်ဟု ကလွိုက်ဗက်ဆို

ဇွန် ၂၂၊ ပဲရစ်။           ။ ပီအက်စ်ဂျီအသင်းအနေဖြင့် ဗာရတ်တီကို ဘာစီလိုနာအသင်းထံပြောင်းခွင့်ပြုမည်ဟု မထင်ကြောင်း ပီအက်စ်ဂျီအားကစား ဒါရိုက်တာဟောင်း ကလွိုက်ဗက်က ပြောသည်။

အီတလီလက်ရွေးစင်ဗာရတ်တီသည် ပီအက်စ်ဂျီတွင်အဆင်မပြေဖြစ်နေပြီး အသင်းပြောင်းခွင့်လည်းတောင်းခံထားသော်လည်း လက်ရှိစာချုပ်မှာ လေးနှစ်ကျန်နေသေးသည့်အပြင် ပြင်သစ်လိဂ်-၁ ကလပ်ကလည်း အသင်းပြောင်းခွင့်မပြုချင်သည့် အနေအထားဖြစ်သည်။

ယင်းကစားသမားနှင့်ပတ်သက်ပြီး ယူရိုသန်း ၁၀၀ တန်စာချုပ်အကြောင်းပြောဆိုနေမှုများရှိသော်လည်း ဇွန်လအစောပိုင်းတွင် ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာရာထူးမှထွက်ခွာသွားသည့် နယ်သာလန်တိုက်စစ်မှူးဟောင်း ကလွိုက်ဗက်က အပြောင်း အရွှေ့ဖြစ်မြောက်ရန်မလွယ်ဟု ပြောသည်။

“ဗာရတ်တီက ဘာစီလိုနာကိုပြောင်းချင်နေတယ်ဆိုတာ ကျွန်တော်သိပေမယ့် ပီအက်စ်ဂျီကလည်း ခွင့်မပြုလောက်ဘူး။ သိပ်ကို ခက်လိမ့်မယ်။ ဗာရတ်တီရဲ့တန်ဖိုးကလည်း ယူရိုသန်း ၁၀၀ ထက်ပိုသွားလိမ့်မယ်”ဟု ကလွိုက်ဗက်ကပြောသည်။

အသက် ၂၄ နှစ်အရွယ်ကစားသမားကို စပိန်ကလပ်က ဇာဗီနေရာနှစ်ရှည်အစားထိုးနိုင်မည့်သူအဖြစ်ယူဆနေပြီး ခေါ်ယူနိုင်ရန် အသည်းအသန်ကြိုးစားနေသည်။

၂၀၁၂ တွင် ပက်စ်ကာရာအသင်းထံမှ ကွင်းလယ်လူဗာရတ်တီကှိ ခေါ်ယူထားသည့် ပီအက်စ်ဂျီအသင်းကလည်း ၎င်းကို အနာဂါတ်စီမံကိန်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားရာ အလွယ်တကူထွက်ခွာခွင့်ပြုဖွယ်မရှိပေ။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required