မိုဆူးလ်မြို့က ရှေးဟောင်းအထင်ကရ ဗလီကြီးအား အိုင်အက်စ်တို့့ ဗုံးခွဲဖျက်ဆီး

မိုဆူးလ်မြို့က ရှေးဟောင်းအထင်ကရ ဗလီကြီးအား အိုင်အက်စ်တို့့ ဗုံးခွဲဖျက်ဆီး

မိုဆူးလ်၊ ဇွန် ၂၂ ။        ။ အီရတ်နိုင်ငံ မိုဆူးလ်မြို့က အထင်ကရ အယ်လ်နုရီ ဗလီကြီးအား အိုင်အက်စ်တို့က ဗုံးခွဲဖျက်ဆီးကြောင်း အီရတ်တပ်များက ပြောသည်။

၂၀၁၄ ခုနှစ်က အိုင်အက်စ်ခေါင်းဆောင် အဘူဘတ်အယ်လ်ဘဂ္ဂဒါဒီက အစ္စလာမ်မစ် ကာလိဖိရ်နိုင်ငံတော်အဖြစ် ဖွဲ့စည်းတည်ထောင်ထားရာတွင် ရှိသော နာမည်ကျော်ကြားသော ဗလီမျှော်စင်ပါ ပါရှိသည့် ရှေးဟောင်းအထင်ကရဗလီဖြစ်သည်။

သို့သော် ဗလီကြီးအား အမေရိကန်လေယာဉ်များက ဗုံးကြဲဖျက်ဆီးခြင်းဖြစ်သည်ဟု အိုင်အက်စ်က ၎င်းတို့၏ ဝါဒဖြန့်ချိရေး အာမတ်သတင်းဌာနကတစ်ဆင့် ထုတ်ပြန်သည်။

ဗလီကြီးအား ဗုံးခွဲလိုက်ခြင်းသည် အိုင်အက်စ်တို့က ၎င်းတို့၏ ရှုံးနိမ့်မှုကို တရားဝင်ကြေညာလိုက်ခြင်းဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘာဒီက ပြောသည်။

ဝေဟင်ဓာတ်ပုံများတွင် ဗလီနှင့် ဗလီမျှော်စင်တို့ အကြီးအကျယ် ပျက်စီးနေသည်ကို တွေ့ရသည်။

အိုင်အက်စ်တို့၏ သမိုင်းတွင် ထင်ကျန်ရစ်မည်ဖြစ်သော ယခုဗလီဗုံးခွဲဖျက်ဆီးမှုကို ကျူးလွန်ချိန်တွင် မိုဆူးလ်မြို့ ပြန်သိမ်းရေး တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့များက မီတာ ၅၀ အတွင်းထိ ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း အီရတ်တပ်မှူးက ပြောသည်။

အိုင်အက်စ်အဖွဲ့က မိုဆူးလ်မြို့ရယ်၊ အီရတ်၏ ကြီးကျယ်သော အမွေအနှစ်များရယ်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း အီရတ်တွင် တာဝန်ထမ်းဆောင်နေသည့် အကြီးတန်းအမေရိကန်တပ်မှူးက ဆိုသည်။

“မိုဆူးလ်မြို့သူမြို့သားတွေ အပြင် အီရတ်ပြည်သူအားလုံးအပေါ် ကျုးလွန်လိုက်တဲ့ ပြစ်မှုဖြစ်တယ်။ လူမဆန်တဲ့ ဒီအဖွဲ့ကို အမြစ်ဖြုတ်ပစ်ရမယ်ဆိုတာ ပြလိုက်တာလည်း ဖြစ်တယ်။”ဟု ဗိုလ်မှူးချုပ် ဂျိုးဆက်မာတင်က ပြောသည်။

အိုင်အက်စ်အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ အရေးပါသော အမွေအနှစ်နေရာများစွာကို ဖျက်ဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required