ယောက္ခမဖြစ်သူနှင့် အသက် ရနှစ် ကလေးငယ်အား ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွား

ယောက္ခမဖြစ်သူနှင့် အသက် ရနှစ် ကလေးငယ်အား ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွား

နတ်တလင်း (မဇ္ဈိမ)၊ ဇွန် ၂၂ ။         ။ ပဲခူးတိုင်း သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဇွန်လ ၂၁ ရက် နံနက် ၄ နာရီအချိန်က  လူတစ်ဦးက ယောက္ခမ ဖြစ်သူ နှင့် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဓါးဒဏ်ရာအများအပြားဖြင့် ဓါးဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နတ်တလင်းမြို့နယ်၊ တောင်ညို မြို့သစ်၊ အောင်ဇေယျာကျေးရွာအုပ်စု၊ အောင်ဇေယျာ ၂လမ်းနေ အသက် ၅၀ အရွယ် ဦးလှဌေးဆိုသူသည် အရက်သေစာ သောက်စားထားပြီး ဇနီးဖြစ်သူ မပျိုပု၊ သမီးဖြစ်သူ မမွန်အိစံ၊ ယောက္ခမ ဒေါ်မြရင်တို့အား နေအိမ်မှ မောင်းထုတ်ခဲ့သည်။

ယောက္ခမဖြစ်သူ ဒေါ်မြရင်မှာ အိမ်နီးချင်း ဒေါ်ညွန့်နေအိမ်တွင် အိပ်ခဲ့ပြီး ဇနီးနှင့်သမီးဖြစ်သူတို့မှာ ဒေါ်ညွန့်၏ ခေါင်းရင်းနေအိမ်တွင် အိပ်ခဲ့သည်။ ဦးလှဌေးက ဇနီးနှင့်သမီးကို လိုက်လံရှာဖွေရာ   ဒေါ်ညွန့်၏ နေအိမ်သို့ ရောက်ရှိပြီး အိမ်ပေါ်တွင် အိပ်နေသော ယောက္ခမဖြစ်သူ ဒေါ်မြရင်(၇၀)နှစ်နှင့် အဆိုပါအိမ်ရှိ၊ မအေးမြတ်မွန်(၇)နှစ် (ဒုတိယတန်းကျောင်းသူ) တို့အား ဓါးဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။  ထို့နောက် ၎င်းအိမ်ရှိ ဒေါ်နုနုဝင်း (၄၈)နှစ်အား ထပ်မံ၍ ဓါးဖြင့် ခုတ်ခဲ့သည်။

ဒေါ်မြရင်သည် ဝဲဘက်လည်ပင်း ပြတ်ရှဒဏ်ရာ၊ ဝဲလက်ကောက်ဝတ်ပြတ်ဒဏ်ရာ၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာများ ရရှိကာ မအေးမြတ်မွန်(ဒုတိယတန်းကျောင်းသူ) တွင် ယာလက်ကောက်ဝတ်ပြတ်၊ ဝဲတံထောင်ပြတ်ရှဒဏ်ရာ၊ ဝဲပေါင်ပြတ်ဒဏ်ရာ၊ ယာဒူးဆစ်ပြတ်ရှဒဏ်ရာ၊ ယာခြေကျင်းဝတ်ပြတ်ရှဒဏ်ရာ၊ ယာခြေသလုံးပြတ်ရှဒဏ်ရာ၊ ရင်ညွှန့်ပြတ်ရှဒဏ်ရာ၊ ယာပါးပြတ်ရှဒဏ်ရာ၊ ဝဲလည်ပင်းပြတ်ရှဒဏ်ရာ၊ မေးရိုးပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး နှစ်ဦးစလုံးနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ဒေါ်နုနုဝင်းမှာ ဝဲပါးပြတ်ရှဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) သာရရှိခဲ့ပြီး ကွင်းကျယ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဓါးဖြင့်ခုတ်သူ လှဌေးသည် ယခင်ကတည်းက အရက်ကြောင့် စိတ်ဖောက်ပြန်ခဲ့ဘူးကြောင်း၊ အခင်းဖြစ်ညက အရက်သေစာသောက်စားထားပြီး အရက်ကြောင်ကြောင်၍ စိတ်ဖောက်ကာ   ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

အကြောင်းအရာကိစ္စနှင့်ပတ်သက်ပြီး တောင်ညိုရဲကင်းစခန်းမှ လှဌေးကို (ပ)၃၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required