ဦးဟန်ညောင်ဝေအား ဗီဇာ ပိတ်ပင်ထားခြင်းမရှိဟု သမ္မတရုံးညွှန်ချုပ်ဆို

ဦးဟန်ညောင်ဝေအား ဗီဇာ ပိတ်ပင်ထားခြင်းမရှိဟု သမ္မတရုံးညွှန်ချုပ်ဆို
(ဓာတ်ပုံ - အေအက်ဖ်ပီ)

နေပြည်တော်၊ ဇွန် ၂၂။ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ သားအငယ်ဆုံးဖြစ်သူ ဦးဟန်ညောင်ဝေအား မြန်မာနိုင်ငံသို့ ဝင်ထွက်ခွင့် ဗီဇာ ပိတ်ပင်ထားခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ဇွန်လ ၂၁ရက်၊  ညနေပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်၊သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင်"  ဗီဇာပိတ်ပင်တယ်။ ဘာညာဆိုတာတွေပြောနေတယ်ပေါ့ ။အဲဒီကတည်းကလည်း ကျွန်တော်တို့က ဗီဇာပိတ်တယ်လို့လည်း မပြောပါဘူး။ အခု နံပါတ်တစ်အချက် ဦးဟန်ညောင်ဝေနဲ့ ပတ်သက်ပြီးတော့ အစိုးရ အနေနဲ့ ဗီဇာ ပိတ်ပင်ထားခြင်းမရှိပါဘူး” ဦးဇော်ဌေးက ဆိုသည်။

ယခင်က ဦးဟန်ညောင်ဝေသည် ဥရောပ မြန်မာရုံး EBO ရုံး အနေဖြင့် မြန်မာငြိမ်းချမ်းရေး စင်တာ နဲ့ အတူ ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် Multiple Visa ပေးခဲ့သော်လည်း  ယခု အစိုးရသစ်လက်ထက်တွင်  ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ဥရောပ မြန်မာရုံး EBO နှင့် ကန်ထရိုက်ချုပ်ဆိုထားတာ သဘောတူထားတာတွေ မရှိဘဲ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်များကိုလည်း အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ထားသည့် အတွက်  ဦးဟန်ညောင်ဝေအား ယခင်ကကဲ့သို့ Multiple Visa မပေးသော်လည်း Social Visa နှင့်သာ ဝင်ထွက်ခွင့် ပြုထားကြောင်း ဦးဇော်ဌေးက ပြောသည်။

အဆိုပါ ဝင်ထွက်ခွင့် ကိစ္စနှင့်ပတ်သက်ပြီး သံရုံးများကိုလည်း ပြောပြထားပြီးပြီ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောခဲ့သည်။

“ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံကို အချိန်မရွေး ဝင်နိုင်ထွက်နိုင်ပါတယ်။ ဝင်တဲ့ ထွက်တဲ့အခါမှာ ကျွန်တော်တို့ ကျန်တဲ့သူတွေ ဝင်ထွက်သလို့ နှစ်ရှည်တော့ မရတော့ဘူး ၊ Social Visa နဲ့ ဝင်လို့ရပါတယ်။ အဲဒါကို ကျွန်တော်တို့က သံရုံးတွ ဘာတွေဘက် အကုန်လုံးပြောထားပြီးဖြစ်ပါတယ်”ဟု ဆိုသည်။

Multiple Visa ဆိုသည်မှာ ဝင်ထွက်သွားလာခွင့်အား ကာလရှည် ပေးထားခြင်းဖြစ်ပြီး တစ်ခါ ဗီဇာရပြီးပါက လာရောက်သောအကြိမ်တိုင်းအတွက် ဗီဇာလျှောက်ထားရန် မလိုပေ။ Social Visa မှာ လာရောက်သည့်အကြိမ်တိုင်းအတွက် လျှောက်ထားရန် လိုအပ်ခြင်းဖြစ်သည်။

ဦးဟန်ညောင်ဝေအား မြန်မာနိုင်ငံသို့ ဝင်ထွက်ခွင့် ပိတ်ပင်ထားသည် ဆိုသည့် ဖြစ်စဉ်သည်  အစိုးရ၏ ပုံရိပ်ကို ထိခိုက်စေသည့်အတွက် ယခုကဲ့သို့ မီဒီယာများမှ တဆင့် ပြန်လည်ရှင်းပြခြင်း ဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required