မေယုတောင်ကြောပေါ်တွင် အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများ တွေ့ရှိ

မေယုတောင်ကြောပေါ်တွင် အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများ တွေ့ရှိ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၂၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများတွေ့ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်တွင် အနီးရှိ ကျေးရွာသားများအား ခေါ်ယူကာ ညအချိန်တွင် အကြမ်းဖက်သင်တန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၂၀ရက်က သတင်းရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ သွားရောက်ရှင်းလင်းရာတွင် တစ်ပေခန့်ရှိ ဒေသန္တရ လုပ်သေနတ် ၂လက်၊ ၉ မမကျည် တစ်တောင့်၊ လူနေတဲ ၅လုံး၊ ယမ်းပျော့(အညိုရောင်) ၅၀ကျပ်သား တစ်ထုပ်၊ ယမ်းမှုန့်အနက်ရောင် တစ်ပိဿာခန့် တစ်ထုပ်၊ ဆန် ၅အိတ်၊ ကြက်သွန်နီ ၁အိတ်၊ အာလူးတစ်ပိဿာ၊ သစ်သား သေနတ် အချောင်း ၂၀၊ ပေါက်ပြား ၅ချောင်း၊ ပေါက်ချွန်း ၃ချောင်း၊ အဝါရောင် ဝါယာကြိုး နှစ်ခွေ၊ နှစ်ပင်လိမ်ဝါယာကြိုး ၂ခွေ၊ မှန်ပြောင်း တစ်လက်၊ ဂွမ်းစောင် ၆ထည်၊ အမျိုးသားဝတ်အင်္ကျီ ၄၅ထည်၊ ပုဆိုး ၄၅ထည်၊ အမျိုးသမီးဝတ် အင်္ကျီ အထည် ၂၀၊ မျက်နှာဖုံးစွပ်(အနက်)အထည် ၂၀တို့ကို တွေ့ရှိရသည်ဟု ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှင်းလင်းရေးဆောင်ရွက်စဉ် ဓားဖြင့် ပြန်လည်ခုခံသည့် အမျိုးသား(၃)ဦးအား အသေဖမ်းဆီးရမိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော်တွင် ယနေ့ညနေပိုင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အားလုံးပေါင်း မျက်နှာဖုံး(အမည်း)စွပ် ၃ယောက် အသေဖမ်းဆီးရမိတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်၍ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရွာတွေမှာလည်း သူတို့သင်တန်းပေးထားတဲ့ အမာခံတွေ ရှိနေပြီ။ အဲ့ဒီလို ရှိရာကနေ လက်နက်ခဲယမ်း ကျန်တဲ့ ပံ့ပိုးမှုနဲ့ လုပ်လိုက်မယ်ဆိုရင် မောင်တောက အချိန်မရွေး အကြမ်းဖက်တိုက်ခိုက်နိုင်တဲ့ ပေါင်းကူးခြေကုပ်ဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ မေယုတောင်ကြောကို ဆက်ရှင်းနေတယ်ရေရှည်မှာ ဒီလို အကြမ်းဖက် အမြစ်မတွယ်အောင် ဘယ်လိုလုပ်မလဲဆိုတာကတော့ လုံခြုံရေးအရ တာဝန်ရှိသူတွေ ဆောင်ရွက်နေတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၉ရက်၊ နံနက်ပိုင်းတွင် နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်မှ စတင်ပြီး ယခု ဇွန်လအထိ ၇လခန့်အတွင်း ပြစ်မဲ့အရပ်သား၊ ပြည်သူ (၃၂)ဦး သေဆုံးခဲ့ပြီး (၂၂)ဦးပျောက်ဆုံးလျက်ရှိသည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly