ကျူးကျော်စမတ်ကတ်မယူပါက ကျူးအဖြစ်စာရင်းမသွင်းဟု ဆို

ကျူးကျော်စမတ်ကတ်မယူပါက ကျူးအဖြစ်စာရင်းမသွင်းဟု ဆို

ရန်ကုန်၊ဇွန်၂၁ ။          ။ ယမန်နေ့ ဇွန်လ ၂၀ ရက်က အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်တွင်ရှိသည့် အိမ်ခြေများကို ကျုးကျော်ဖြစ်ကြောင်း သတ်မှတ်ပြီး စမတ်ကတ်ထုတ်ပေးခဲ့ပြီးနောက်  စမတ်ကတ်မယူသူများကို ကျူးအဖြစ် စာရင်းသွင်းမည် မဟုတ်ကြောင်း သိရသည်။

“စမတ်ကတ် မယူခဲ့ရင်တော့ ကျုးအဖြစ် စာရင်းမသွင်းဘူးပေါ့ ။ ဒီသဘောမျိုးဖြစ်တာပေါ့။ ရိုးရိုးပဲ ကျွန်တော်တို့စဉ်းစားလို့ရမှာလေ။ ကျုးအဖြစ် စာရင်းသွင်းတဲ့အချိန်မှာ သူက ကျုးမဟုတ်ဘူး ဆိုရင်တော့ အဲဒီမှာကျုးဟုတ်၊မဟုတ်နောက်ပိုင်း စီစစ်ချက်တွေဘာတွေအဲ့တာမျိုးတွေလုပ်တဲ့အခါ စစ်ဆေးကြမယ်ပေါ့နော်”ဟု ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

အဆိုပါ စမတ်ကတ်များကို အမှန်တကယ်နေထိုင်ရန်နေရာ အခက်အခဲရှိသူများ၊ မတတ်သာ၍ ကျုးကျော်အဖြစ် နေထိုင်နေရသူများကို ထုတ်ပေးခြင်းဖြစ်သည်ဟု သိရပြီး စမတ်ကတ် ထုတ်ပေးထားပြီးသော ကျုးကျော်အဖြစ်သတ်မှတ်ခံထားရသည့် မိသားစုများကို ဖယ်ရှားခိုင်း မည် မဟုတ်ကြောင်း ဦးယုခိုင်က ပြောသည်။

အဆိုပါနေရာများသည် ၁၉၉၀ ပြည့် ဝန်းကျင်မှ စတင်နေထိုင်ခဲ့ကြသူများ ပါဝင်ပြီး ကျူးကျော်အဖြစ် သတ်မှတ်ကြောင်း ဇွန်လ ၁၉ ရက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားခဲ့သည်ဟု နေထိုင်သူများထံမှ သိရသည်။

“ ကတ်မယူရင် ဘာမှမရနိုင်တဲ့သဘောမျိုးဆိုတော့ ယူထားလိုက်တယ်။ အထောက်အထားရှိအောင် ယူထားလိုက်ကြတာ။ အိမ်နားက အိမ် ၇ အိမ်၊ ၈ အိမ်လောက်ပဲဆိုတော့ အားလုံး ယူထားလိုက်ကြ တယ်။ ပြောရရင် ကျွန်မတို့က ကျူးမဟုတ်ဘူး။ ဒီနေရာမှာ လစာပေးပြီးနေလာတာ။  အခုကြတော့ လစာမယူတော့ဘဲ ကျူးအဖြစ်သတ်မှတ်လိုက်တာ”ဟု အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်တွင်  နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ အိမ်ခြေ ၃၀၀ ခန့်ရှိသော အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များကို စမတ်ကတ် ကောက်ခံပြီးပါက လှည်းကူးမြို့နယ်ကိုပါ ကောက်ခံ သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပြသည်။

“ဒီလဆန်းလောက်ကတည်းက သူတို့ကို လာရောက်သတင်းပို့ဖို့ဆိုပြီး စာထွက်ထားတယ်။ သတင်းပို့တဲ့သူတွေကိုပါ စီစစ်ပြီးတော့ စမတ်ကတ်တွေထုတ်ပေးဖို့ လုပ်နေတယ်။ အင်းစိန်ပြီးရင် လှည်းကူးတို့ ဘာတို့ဘက်ကို ဆက်သွားမှာပေါ့”ဟု ရန်ကုန်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ဆိုသည်။

ကျုးကျော်ဖြစ်ကြောင်း စမတ်ကတ်များကို ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသည့် အင်းစိန်မြို့နယ် အပါအဝင် မြို့နယ်(၂၄)ခုကို ဇွန်လဆန်းမှစတင်ကာ စာရင်းကောက်ခံနေပြီး ယနေ့ဇွန် (၂၁)တွင်လည်း မင်္ဂလာဒုံမြို့နယ်၌ ကျုးကျော်အဖြစ်သတ်မှတ်ကြောင်း စမတ်ကတ်များ ထုတ်ပေးနေပြီး ကတ်ရရှိသူ ၅၀၀၀ ဝန်းကျင်ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required