Imagine Dragons အဖွဲ့မှ အဆိုတော် ဒန်ရေးနိုးလ် စိတ်ကျရောဂါခံစားခဲ့ရ

Imagine Dragons အဖွဲ့မှ အဆိုတော် ဒန်ရေးနိုးလ် စိတ်ကျရောဂါခံစားခဲ့ရ

လွန်ခဲ့သောငါးနှစ်တာ ကာလအတွင်း Imagine Dragons အဖွဲ့သည် ကမ္ဘာပေါ်တွင် အောင်မြင်ကျော်ကြားမှု အရှိဆုံး ရော့ခ်ဂီတအဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်လာခဲ့သည်။ သူတို့အဖွဲ့၏ နာမည်ကျော်သီချင်းများဖြစ်သော Radioactive နှင့် Sucker For Pain တို့သည် ဂရမ်မီဆုများကို ဆွတ်ခူးခဲ့သလို သူတို့အဖွဲ့ကို ကြောက်စရာ ကောင်းလောက်အောင် အားပေးကြသော ပရိသတ်ထုကြီးလည်း ရှိသည်။

သို့သော်လည်း ထိုကဲ့သို့ အောင်မြင်မှုများ၏ နောက်ကွယ်မှ လူသိနည်းသည့် ကိစ္စတစ်ခုမှာ အဖွဲ့၏ ရှေ့ထွက် အဆိုတော် ဒန်ရေးနိုးလ်သည် စိတ်ကျရောဂါဝေဒနာကို ခံစားရုန်းကန်ခဲ့ရခြင်း ဖြစ်သည်။

ဒန်သည် စိတ်ကျရောဂါကို သူတို့အဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ၏ နောက်ဆုံးအချိန်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ တိုက်ကြီး ၅တိုက်နှင့် နိုင်ငံပေါင်း ၄၂နိုင်ငံတို့တွင် နယ်လှည့်ဖျော်ဖြေခဲ့အပြီးတွင် ဒန်သည် ပင်ပန်းမှုဒဏ်ကြောင့် မလှုပ်မရှားနိုင် ဖြစ်ခဲ့ရသည်။

“စိတ်ကျဝေဒနာ ခံစားခဲ့ရတဲ့အချိန်မှာ ကျနော့်မှာရွေးချယ်စရာ ခပ်များများမရှိခဲ့ပါဘူး။ ကျနော့်ရဲ့ မိသားစုနဲ့ ဘ၀ ကို အဆုံးရှုံးခံမလား အကူအညီတောင်းခံမလား ဆိုတာပဲ တွေးခဲ့ရပါတယ်” ဟု ဒန်က ပြောခဲ့သည်။

လွန်ခဲ့သော ဖေဖေါ်ဝါရီလက နယ်လှည့်ဖျော်ဖြေပွဲ၏ နောက်ဆုံးပွဲစဉ်အဖြစ် အမ်စတာဒမ်၌ ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲအပြီးတွင် ဒန်သည် တစ်နှစ်ခန့် အနားယူတော့မည်ဖြစ်ကြောင်း သူငယ်စဉ်ကတည်းက ခင်မင်ခဲ့ရ သည့် သူ၏ တီးဝိုင်းအဖွဲ့ဝင်များကို ပြောခဲ့သည်။

“ကျနော် ကျောင်းတက်တုန်းကလို ခပ်ငယ်ငယ်အရွယ်ဆိုရင်တော့ စိတ်ကျဝေဒနာကို ဒီအတိုင်းထားလိုက်မှာပါ။ တောင်ကြားတွေ၊ တောင်ထိပ်တွေကို ကားပတ်မောင်းလိုက်မှာပါ။ ပြီးကျရင် မြင့်သွားလိုက်၊ နိမ့်သွားလိုက်နဲ့ ဖြစ်သွားတဲ့ အရသာကို ခံစားကြည့်မှာပါ” ဟု သူက ပြောခဲ့သည်။

“ဒါပေမယ့် ကျနော်အရမ်းကို ကြောက်ရွံ့နေခဲ့တာကြောင့် ဆေးကုသဖို့ ကြိုးစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ ဂီတဘဝကိုပါ ပြောင်းလဲသွားစေနိုင်တဲ့အထိကို ဆိုးဆိုးရွားရွား ခံစားခဲ့ရလို့ပါ” ဟု သူက ဆက်ပြောခဲ့ သည်။

ထို့ကြောင့် သူသည် ရောဂါကုထံဆရာထံသို့ သွားရောက်ခဲ့ကာ ပထမဦးဆုံးအကြိမ်အဖြစ် ကုသမှုခံယူခဲ့သည်။

သူ၏ဇနီးဖြစ်သူနှင့် သူငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့သော တီးဝိုင်းအဖွဲ့ဝင် ဝိန်းဆာမွန်နှင့် ဂီတမိတ်ဆွေ အာဂျာဗော့ခ်မန်းတို့က သူ့အား တစ်လျှောက်လုံး အကူအညီပေးခဲ့ကြသည်။

“ကျနော်တို့ဟာ ညီအစ်ကိုတွေပါ။ သူနေလို့ထိုင်လို့မကောင်းဘူးဆိုရင် ကျနော်တို့လည်း အလားတူပဲ ခံစားရ ပါတယ်” ဟု ဆာမွန်က ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly