သြစတြေးလျက ကန်ဒေါ်လာ ၆၅ ဘီလျံ အကုန်အကျခံ ၍ရေတပ်အသစ်ကို တည်ဆောက်မည်

သြစတြေးလျက ကန်ဒေါ်လာ ၆၅ ဘီလျံ အကုန်အကျခံ ၍ရေတပ်အသစ်ကို တည်ဆောက်မည်

ဆစ်ဒနီ၊ သြဂုတ် - ၄ ။          ။ စစ်သင်္ဘောနှင့် ကင်းလှည့်သင်္ဘောအသစ်များကို ပြည်တွင်းတွင် တည်ဆောက်သွားရန် သြစတြေးလျဒေါ်လာ ၈၉ဘီလျံ (ကန်ဒေါ်လာ ၆၅ ဘီလျံ) ကုန်ကျမည့် သင်္ဘော တည်ဆောက်ရေးစီမံကိန်းတစ်ခုကို သြစတြေးလျက သြဂုတ်လ ၄ရက်နေ့တွင် ကြေညာခဲ့သည်။

ဆယ်စုနှစ် နှစ်ခုတာကာလအတွင်း စစ်သင်္ဘောများ၊ ကင်းလှည့်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများကို အစားထိုးခြင်းများပါဝင်သည့် အဆက်မပြတ် သင်္ဘောတည်ဆောက်ရေးစီမံကိန်းက အလုပ်နေရာ ၂၅၀၀နှင့်အထက်အထိ ဖန်တီးပေးမည်ဟု အစိုးရက ခန့်မှန်းထားပြီး သမိုင်းဝင်ကြေညာချက်တစ်ခုဖြစ်သည်ဟု ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောကြားခဲ့သည်။

''အရင်အစိုးရတွေကလည်း သင်္ဘောတစ်စင်းချင်း၊ ဒါမှမဟုတ် သင်္ဘောအုပ်စုလိုက်ကို သြစတြေးလျမှာပဲ တည်ဆောက်မယ်လို့ ကြေညာခဲ့ပါတယ်''ဟု အက်ဘော့က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ပြော ကြားခဲ့သည်။

၂၀၂၆ခုနှစ်လောက်တွင် အနားပေးရတော့မည့် အိုမင်းနေပြီဖြစ်သော ဒီဇယ်နှင့် လျှပ်စစ်ဓာတ်အားသုံး Collins Class ရေတပ်သင်္ဘောစုကို အစားထိုးမည့် နောက်မျိုးဆက် ရေငုပ်သင်္ဘောများကို ဒီဇိုင်း ထုတ် တည်ဆောက်ရန်အတွက် နိုင်ငံတကာ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီကို ရှာဖွေနေမှုနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ အက်ဘော့က ပြောကြားခြင်းမရှိပေ။

သို့ရာတွင်ခန့်မှန်းခြေ သြစတြေးလျဒေါ်လာ ၅၀ဘီလျံအထိကုန်ကျမည့် သြစတြေးလျသမိုင်းတွင်အကြီးမားဆုံး ကာကွယ်ရေးအစီအစဉ်ဖြစ်သောကြောင့် စီမံကိန်းစာချုပ်ချုပ်နိုင်ရန်အတွက် ပြင်သစ်၊ ဂျာမနီနှင့် ဂျပန်တို့ အပြိုင်ဖြစ်နေကြသည်ဟု ဆိုသည်။

အကယ်၍ ကင်ဘာရာအစိုးရအနေဖြင့် နိုင်ငံတကာမှ ရှိပြီးသားသင်္ဘောများကို ဝယ်ယူရန် ရွေးချယ်ခဲ့ပါက ပြည်တွင်း သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာ အကြီးအကျယ် အထိနာနိုင်သောကြောင့်လေလံ တင်မည့် လုပ်ငန်းစဉ်မှာ အပူတပြင်း သဘောကွဲလွဲဖွယ်ရှိနေသည်ဟုဆိုသည်။

သြစတြေးလျကာကွယ်ရေးဝန်ကြီး ကီဗင် အန်ဒရူးကမူ ပြည်တွင်းတွင် အဆက်မပြတ်သင်္ဘောတည်ဆောက်ရေး စီမံကိန်းကို ထူထောင်ရခြင်းမှာ သြစတြေးလျ၏ အနာဂတ်အတွက် ရေတပ်စွမ်းရည်မှာ အခရာကျသည်ဟူသော မဟာဗျူဟာအမြင်ကို ထင်ဟပ်လိုက်ခြင်းပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required