ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်သေဆုံးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား

ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်သေဆုံးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား
ဓာတ်ပုံ - ဒုတပ်ခွဲမှူးထင်လင်းအောင် (ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဇွန်လ ၂၁ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ဓာတ်ကြိုးပြတ်ကျရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ခံ ကိုထင်လင်းအောင်က မဇ္ဈိမသို့ပြောသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးမှုဖြစ်စဉ်မှာ ဇွန်လ ၂ဝ ရက်၊ မွန်းလွဲ ၁ နာရီခွဲ မိုးများရွာသွန်းပြီးချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပတ္တမြားမြို့သစ်၊ မြအေးချမ်းလမ်းသွယ် ၂၊ အိမ်အမှတ် ၁ဝ၉ တွင်နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် ဦးနိုင်ဝင်းဆိုသူက အိမ်နှင့်ကပ်ရပ်ရှိ  ခြံစည်းရိုးတွင် မိုးကာထားသောအကာအား ကြိုးဖြင့်ချည်နေစဉ် ဓာတ်တိုင်ပေါ်မှ ဓာတ်ကြိုးမှာ ဦးနိုင်ဝင်းအပေါ် ပြတ်ကျခဲ့ပြီး ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

"ကိုနိုင်ဝင်းနဲ့ နှစ်ပေအကွာမှာ ရေမြောင်းရှိတယ်။ သူက အိမ်နဲ့ ကပ်နေတဲ့ ခြံစည်းရိုးကို ချည်နေတဲ့အချိန်မှာ သူအပေါ် မီးကြိုးက တိုက်ရိုက် ပြတ်ကျပြီး ဓာတ်လိုက်တာပေါ့။ အဲ့ဒီအချိန်မှာ သူက ဘောင်းဘီတို၊ ကိုယ်လုံးကျွတ်ကြီးနဲ့ အလုပ်လုပ်နေတာ။ ဓာတ်လိုက်တဲ့အချိန်မှာပဲ ဓာတ်ကြိုးရော၊ လူရော နောက်က မြောင်းထဲကို အရှိန်ပြုတ်ကျပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ"ဟု ကိုထင်လင်းအောင်က ပြောသည်။

ဓာတ်လိုက်သေဆုံးသူ  ဦးနိုင်ဝင်း၏ ရုပ်အလောင်းအား ရင်ခွဲစစ်ဆေးနိုင်ရန် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

"အမှန်မှာတော့ ကျွန်တော်တို့ဘက်မှာ ဓာတ်ကြိုးတွေ၊ ဓာတ်တိုင်တွေက ဆွေးနေတာတွေ၊ ဓာတ်ကြိုးတွေနဲ့ သစ်ပင်တွေ ငြိနေတာတွေရှိတယ်။ ဒါတွေကို EPC တွေအနေနဲ့ ရပ်ကွက်အလိုက် စီမံချက်ရေးဆွဲပြီး ရှင်းလင်းတာတွေ လုပ်သင့်တယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဘက်မှာက မိုးတွင်းဆိုရင် အဲ့ဒီလိုမျိုးဖြစ်စဉ်တွေက အမြဲဖြစ်တတ်တဲ့အကျင့်ရှိတယ်"ဟု ကိုထင်လင်းအောင်က သူ၏ အမြင်ကို မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးခဲ့သော ဦးနိုင်ဝင်းမှာ ပတ္တမြားမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီဆွဲနေသူတစ်ဦးဖြစ်ပြီး သားသမီး နှစ်ဦးနှင့် ဇနီးကျန်ရစ်ခဲ့ကြောင်း ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required