အာဂျင်တီးနားအမှတ်ပေးချန်ပီယံဆုကို ဘိုကာဂျူနီယာအသင်း ၃၂ ကြိမ်မြောက် ရရှိ

အာဂျင်တီးနားအမှတ်ပေးချန်ပီယံဆုကို ဘိုကာဂျူနီယာအသင်း ၃၂ ကြိမ်မြောက် ရရှိ

ဇွန် ၂၁၊ အာဂျင်တီးနား ။             ။ ပွဲစဉ် ၂၉ တွင် ဒုတိယနေရာမှ ဘင်ဖီးအသင်း ရှုံးပွဲကြုံတွေ့သွားသည့်အတွက် ဘိုကာဂျူနီယာအသင်းသည် ၂၀၁၆-၁၇ အာဂျင်တီးနားအမှတ်ပေးချန်ပီယံဆုကို ရရှိသွားပြီ ဖြစ်သည်။

ဘိုကာဂျူနီယာအသင်းမှာ ၂၈ ပွဲကစားထားပြီး ကစားရန် ပွဲစဉ် ၂ ပွဲ ကျန်နေသေးသော်လည်း ဒုတိယနေရာက တစ်ပွဲကျန် ဘင်ဖီးအသင်းကို ၅ မှတ်အသာရနေသည့်အတွက် ချန်ပီယံဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

ဘိုကာဂျူနီယားအသင်းက လက်ရှိတွင် ၂၈ ပွဲကစားအပြီး ၅၉ မှတ်၊ ဒုတိယနေရာက ဘင်ဖီးက ၂၉ ပွဲကစားအပြီး ၅၄ မှတ်၊ တတိယနေရာက ရေးဗားပလိတ်က၂၈ ပွဲကစားအပြီး ၅၂ မှတ်၊ စတုတ္ထနေရာက ဆန်လိုရန်ဇိုအသင်းက ၂၉ ပွဲ ကစားအပြီး ၅၂ မှတ် အသီးသီးရရှိထားကြသည်။

ထို့ကြောင့် အဆိုပါလေးသင်းစလုံးမှာ လာမည့်နှစ် ကိုပါလီဘာတာဒိုရက်စ်(တောင်အမေရိက ချန်ပီယံလိဂ်)ပြိုင်ပွဲကို အုပ်စုအဆင့်မှ ဝင်ရောက်ခွင့်ရရှိခဲ့ကြသည်။

ဘိုကာဂျူနီယာအသင်းသည် အာဂျင်တီးနားအမှတ်ပေးချန်ပီယံဆုကို ၃၂ ကြိမ်မြောက် ရယူနိုင်ခြင်းဖြစ်ပြီး အဓိကမြို့ခံပြိုင်ဘက် ရေးဗားပလိတ်အသင်း၏ ၃၆ ကြိမ်ကို လိုက်မီရန် ပိုမိုနီးကပ်လာပြီ ဖြစ်သည်။

အာဂျင်တီးနားအမှတ်ပေးပြိုင်ပွဲမှာ အသင်းပေါင်း ၃၀ ဖြင့် ပွဲ ၃၀ ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲဖြစ်သည်။ အသင်းတစ်သင်းအနေဖြင့် ပြိုင်ဘက် ၂၉ သင်းနှင့် ၂၉ ပွဲယှဉ်ပြိုင်ရပြီး အဓိကမြို့ခံပြိုင်ဘက်အသင်းနှင့် ဒါဘီပွဲစဉ်တစ်ပွဲ ထပ်မံယှဉ်ပြိုင်ရကာ အမှတ်အများဆုံးအသင်းက ချန်ပီယံဆုကို ရရှိခြင်း ဖြစ်သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required