ဘရက်ဆဲလ်အကြမ်းဖက်မှု၏ လက်သည်တရားခံအဖြစ် သံသယရှိရသူ သေဆုံး

ဘရက်ဆဲလ်အကြမ်းဖက်မှု၏ လက်သည်တရားခံအဖြစ် သံသယရှိရသူ သေဆုံး

ဘရက်ဆဲလ်၊ ဇွန် ၂၁ ။                ။ ဘယ်လ်ဂျီယံနိုင်ငံ၏ မြို့တော်ဘရက်ဆဲလ်ရှိ မီးရထားဘူတာ၌ အင်္ဂါနေ့ညက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး သံသယရှိရသူတစ်ဦးကို စစ်သားများက အသေပစ်သတ်ခဲ့ကြောင်း အာဏာပိုင်များကပြောခဲ့သည်။

သံသယရှိရသူသည် သေနတ်နှင့်အပစ်ခံခဲ့ရအပြီးတွင် လှုပ်ရှားနိုင်ခြင်းမရှိတော့သော်လည်း ဆေးဘက်အကူ များသည် ဗုံးရှင်းလင်းရေးသမားများထံမှ ခွင့်ပြုချက်မရခင်အချိန်ထိ ထိုသူကို ဆေးစစ်နိုင်ခြင်းမရှိခဲ့ကြောင်း ဘရက်ဆဲလ် အစိုးရရှေ့နေရုံးမှ ပြောရေးဆိုခွင့်ှရိသူ အင်နီဗန်ဝိုင်မာဆက်ချ်က ပြောခဲ့သည်။

ဘယ်လ်ဂျီယံ ဖက်ဒရယ်အစိုးရရှေ့နေရုံးက အဆိုပါပေါက်ကွဲမှုဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

ဘရက်ဆဲလ်မြို့လယ်ခေါင်ရှိ မီးရထားဘူတာရုံတွင် ဒေသစံတော်ချိန် ည ၈:၃၀ နာရီခန့်က ပေါက်ကွဲမှု အသေးစားလေးတစ်ခု ဖြစ်ပွားခဲ့ပြီး ဘူတာရုံ၌ တာဝန်ကျနေသော စစ်သားများက သံသယရှိရသူကို နှိမ်နင်းခဲ့ ကြောင်း ဖက်ဒရယ်အစိုးရရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူ အဲရစ်ဗန်ဒါစစ်ပ်က ပြောခဲ့ပြီး မည်သူမှဒဏ်ရာမရရှိခဲ့ ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

မျက်မြင်သက်သေများ၏ အဆိုအရ တရားခံဟု သံသယရှိရသူသည် ပေါက်ကွဲမှုမဖြစ်ပွားခင်တွင် အာရပ် ဘာသာစကားဖြင့် အော်ဟစ်ခဲ့ကြောင်း သိရသည်။

အာဏာပိုင်များသည် ပေါက်ကွဲမှုကြောင့် လူအများအပြားကို အရေးပေါ် နေရာပြောင်းရွှေ့ပေးခဲ့ရသည်။

ဝန်ကြီးချုပ် ချားလ်မိုက်ကယ်နှင့် ပြည်ထဲရေးဝန်ကြီး ယန်ယမ်ဘွန်တို့ဟာ ယခုဖြစ်ရပ်နှင့် ပက်သက်၍ သေသေ ချာချာ ကိုင်တွယ်ဖြေရှင်းနေကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ှရိသူ ဖရက်ဒရစ်ကော်ဒါလီယာက ပြောခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly