စင်ကာပူတွင် နယ်စပ်လုံခြံုရေး အရာရှိ အိုင်အက်စ်နှင့် ပူးပေါင်းရန် စီစဉ်၍ ဖမ်းဆီးထား

စင်ကာပူတွင် နယ်စပ်လုံခြံုရေး အရာရှိ အိုင်အက်စ်နှင့် ပူးပေါင်းရန် စီစဉ်၍ ဖမ်းဆီးထား

စင်ကာပူ၊ ဇွန် ၂၀ ။               ။ စင်ကာပူနိုင်ငံတွင် နယ်စပ်လုံခြုံရေး မွတ်စလင်အရာရှိတစ်ဦးက ဆီးရီးယားရှိ အိုင်အက်စ်တို့အတွက် တိုက်ပွဲဝင်ရန် စီစဉ်လျက်ရှိသဖြင့် ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများက ဇွန် ၂၀ ရက်တွင် ပြောသည်။

မလေးရှားနယ်စပ်လမ်းဆုံတွင် လက်နက်ကိုင်ဆောင်ရခြင်းမရှိသည့် ယာဉ်ကြောထိန်းတာဝန်ရှိသူအဖြစ် ဆောင်ရွက်နေသော အသက် ၂၄ နှစ်ရှိ မိုဟာမတ်ဘင်မိုဟမ်ဆိုသူကို ပြည်တွင်း လုံခြုံရေးအက်ဥပဒေဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းဥပဒေသည် ဖမ်းဆီးထားသူ တစ်ဦးဦးကို တရားစွဲဆိုခြင်းမရှိဘဲ နှစ်နှစ်ကျော်ကြာ ထိန်းသိမ်းချုပ်နှောင်ထားနိုင်ခွင့် ရှိသည်။

"ဆီးရီးယားတိုက်ပွဲနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ ဆောင်ရွက်နေတာကို ရေရှည်ထုတ်ဖော်မှုအရ မိုဟမ်ဟာ ဆီးရီးယားက စစ်ပွဲကို မြင့်မြတ်သောစစ်ပွဲလို့ လက်ခံထားပြီး တိုက်ပွဲမှာ သူရဲကောင်းတစ်ဦးအဖြစ် အသက်ပေးဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် ဇွန် ၁၂ ရက်ကလည်း အသက် ၂၂ နှစ်အရွယ် ကလေးအမေတစ်ဦး အိုင်အက်စ်တိုက်ခိုက်ရေးသမားတစ်ဦးနှင့် လက်ထပ်ရန်အတွက် ဆီးရီးယားသို့ ထွက်ခွာဖို့ စီစဉ်နေခြင်းကြောင့် ဖမ်းဆီးခဲ့ရသည်။

နေ့ကလေးထိန်းဌာနတွင် လုပ်ကိုင်သူ ဇာဟရက်ရှ် အယ်လ် အန်ဆာရီဆိုသူကို ပြည်တွင်းလုံခြုံရေး အက်ဥပဒေဖြင့်ပင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

"အန်ဆာရီဟာ အိုင်အက်စ်နဲ့သွားရောက်ပူးပေါင်းဖို့ ကြံနေသူပါ။ သူ့ကလေးပါခေါ်ပြီး ဆီးရီးယားကို သွားဖို့လုပ်နေတာပဲဖြစ်တယ်။"ဟု ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"သူက အိုင်အက်စ်တွေရဲ့ အကြမ်းဖက်တဲ့နည်းနဲ့ ကာလီဖိရ် အစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်တာကို ထောက်ခံနေသူဖြစ်တယ်။ အဲဒီအစ္စလာမ္မစ်နိုင်ငံတွင်းမှာ နေထိုင်လိုတဲ့ စိတ်ထက်သန်နေသူပဲဖြစ်ပါတယ်။"ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly