ကိုရီးယားကျွန်းဆွယ်သို့ B1 မဟာဗျူဟာဗုံးကြဲလေယာဉ်များ အမေရိကန်စေလွှတ်မည်

ကိုရီးယားကျွန်းဆွယ်သို့ B1 မဟာဗျူဟာဗုံးကြဲလေယာဉ်များ အမေရိကန်စေလွှတ်မည်

ဝါရှင်တန်၊ ဇွန် ၂၀ ။             ။ အမေရိကန်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် B1 မဟာဗျူဟာဗုံးကြဲလေယာဉ်နှစ်စင်း စေလွှတ်လိမ့်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက EPA သို့ အတည်ပြုသည်။

B1 လေယာဉ်များက ကိုရီးယားလေတပ်မှ F15K တိုက်လေယာဉ်များနှင့် ပူးပေါင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့သော ပူးပေါင်းလေ့ကျင့်မှုသည် ပုံမှန်အတိုင်းသာ ဖြစ်ကြောင်း ယင်းပြောခွင့်ရသူက ဆိုသည်။

လွန်ခဲ့သည့်နှစ်က မြောက်ကိုရီးယားနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ပြီးခဲ့သည့်သီတင်းပတ်ကမှ ကိုမာဆန်သော ရောဂါမျိုးဖြင့် ပြန်လွတ်လာသည့် အမေရိကန်ကျောင်းသား အော့တိုဝမ်ဘီးယား   သေဆုံးခဲ့ရပြီးနောက်တွင် ဂူအမ်ကျွန်းရှိ အမေရိကန်စစ်စခန်းမှ ယခုဗုံးကြဲလေယာဉ်များကို ဖြန့်ကြက်လာခြင်းလည်း ဖြစ်သည်။

အော့တိုသည် မြောက်ကိုရီးယားနိုင်ငံအတွင်း ၂၀၁၆ ခုနှစ် မတ်လက ဟိုတယ်တစ်ခု၌ ကပ်ထားသည့် နိုင်ငံရေးကြေညာစာတမ်းတစ်ခုကို ဖြုတ်ချပစ်ခဲ့ခြင်းအတွက် ဖမ်းဆီးပြစ်ဒဏ်ခံရပြီး အချိန်တိုအတွင်း ကိုမာဆန်သော ရောဂါမျိုး ခံစားရနေရကာ ပြီးခဲ့သည့် သီတင်းပတ်ကမှ ပြန်လည်လွတ်လာခဲ့ခြင်းသည်။

အော့တိုမှာ လူက နိုးထနေသော်လည်း တုံ့ပြန်မှု အလျဉ်းမရှိသော အခြေအနေမျိုး ဖြစ်နေခဲ့သည်ဟု ၎င်းကို ကုသပေးစဉ်က အာရုံကြောပါရဂူများ ပြောပြီး မည်သည့်အတွက်ကြောင့် ယင်းသို့ ဦးနှောက်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့သည်ကို မသိရှိရဟု ၎င်းတို့က ဆိုထားခဲ့ကြသည်။

မြောက်ကိုရီးယားဖက်က ရှင်းလင်းချက်ပေးထားသလို Botulism အဆိပ်သင့်ဝေဒနာတစ်မျိုး ခံစားနေရခြင်း ဖြစ်သည်ဆိုခြင်းအတွက် သက်သေရှာမတွေ့ကြောင်းလည်း အော့တိုအား ကုသပေးနေသည့် ဆေးပညာရှင်အဖွဲ့က ပြောခဲ့သည်။

အော့တိုသေဆုံးခဲ့ခြင်းအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားအစိုးရအား လူမဆန်သောအစိုးရဟု ရှုတ်ချလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly