ဖားကန့် မှော်ဝမ်းတွင် စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်ကျင်းပသူ ၂ ဦးကို ထပ်မံ တရားစွဲခံရ

ဖားကန့် မှော်ဝမ်းတွင် စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်ကျင်းပသူ ၂ ဦးကို ထပ်မံ တရားစွဲခံရ

ချင်းမိုင်၊ ဇွန် ၂၀ ။           ။ ကချင်ပြည်နယ် ဖားကန့်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သော ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်ကျင်းပခဲ့သော ဦးလမောင်လတောင်နှင့် ဆရာ ဦးလတုန်ဆောင်ဘောမ်တို့ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်အ ၁၉ ဖြင့် တရားစွဲခံရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာခဲ့ခြင်းကြောင့် စစ်ဘေးရှောင်လာသည့် ၆ နှစ်ပြည့် အခမ်းအနားကို   မှော်ဝမ်း နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမတွင် ကျင်းပခဲ့သည်ကို ခွင့်ပြုချက် မယူဘဲ ကျင်းပသည်ဆိုကာ တရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။

ဇွန်လ ၁၇ ရက်က ဖားကန့်မြို့နယ် ရဲမှူး ကျော်ဦးက တရားလို ပြုလုပ်ကာ တရားစွဲဆိုကြောင်း အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့မှ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးဖောင်ဒေးရှင်းအဖွဲ့မှ အတွင်းရေးမှူး ဦးနော်လောန်က ပြောသည်။

“ကျနော်တို့ ဇွန် ၉ ဆုတောင်းပွဲလုပ်တယ်လေ။ လုပ်တဲ့အခါကြတော့ မြို့နယ် ထွေအုပ်၊ ရဲမှူးကိုလည်း ကျနော်တို့ အကြောင်းကြားစာတင်တယ်။ အကြောင်းကြားစာတင်လျက်နဲ့ ၁၇ ရက်နေ့ ကျနော်တို့ကို ငြိမ်းစုစည်း ပုဒ်မ ၁၉ နဲ့ တရားစွဲထားတဲ့ အကြောင်းကြားလာတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

၎င်းတို့ကို လာမည့် ဇူလိုင်လ ၃ ရက်နေ့တွင် ရုံးချိန်း ချိန်းဆိုထားသည်ဟု သိရသည်။

ထိုနေ့အခမ်းအနား ကျင်းပရန်အတွက် ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရဲမှူးနှင့် ရဲမှူးတို့ထံ အကြောင်းကြားစာ ပေးပို့ခဲ့ပြီးဖြစ်သလို၊ စီတန်းလှည့်လည်ခြင်းများ မပါဝင်ဘဲ ဆုတောင်းဝတ်ပြုမှု အစီအစဉ်သာပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ တရားစွဲဆိုမှုအပေါ် နားမလည်နိုင်ကြောင်း သူက ဆက်ပြောသည်။

အဆိုပါအခမ်းအနားတွင် ဖားကန့်မြို့နယ်ရှိ ကချင်ပြည်သူလူထု ၇၀၀ ခန့် တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပသော စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်ကျင်းပ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ (WMR) ဥက္ကဌ ဦးခွန်ဆိုင်း၊ အတွင်းရေးမှူး ဦးဂမ်အောင်နှင့် ဦးဇော်ဂျတ်တို့ ၃ ဦးကိုလည်း ဇွန်လ ၁၃ရက် က အဆိုပါ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ပြီး တစ်ရက်အတွင်းမှာပင် ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ဒဏ်ငွေ ၃၀၀၀၀ ကျပ်စီ အမိန့်ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required