ပရောဂကုသရာမှ ကလေးသုံးဦးသေဆုံးခဲ့၍ ပရောဂဆရာအား မသေမချင်းကြိုးကွင်းစွပ် သတ်စေရန် အပြီးသတ်အမိန့်ချ

ပရောဂကုသရာမှ ကလေးသုံးဦးသေဆုံးခဲ့၍ ပရောဂဆရာအား မသေမချင်းကြိုးကွင်းစွပ် သတ်စေရန် အပြီးသတ်အမိန့်ချ

ရန်ကုန်၊ ဇွန်လ ၂ဝ ။               ။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပသီကုန်းကျေးရွာတွင် မကောင်းဆိုးဝါးပူးကပ်နေသည်ဟုဆိုကာ ပရောဂကုသရာမှ ကလေးငယ် သုံးဦးသေဆုံးခဲ့ပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အမှု ကျူးလွန်သူ ပရောဂဆရာဆိုသူ ထွန်းနိုင်အား မသေမချင်းကြိုးကွင်းစွပ်သတ်စေရန်နှင့် ထောင်ဒဏ် ၇ နှစ်ပါ သီးခြားကျခံစေရန် ဇွန်လ ၂ဝ ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးမှ အပြီးသတ်အမိန့်မှတ်လိုက်သည်။

အဆိုပါ ပရောဂဆရာဆိုသူ တရားခံထွန်းနိုင်အား သန်လျင်မြို့ရှိ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် ဒုခရိုင် တရားသူကြီး (၄) ဒေါ်မေသက်ဦးက ကလေးငယ်များသေဆုံးခဲ့ခြင်းအမှုနှင့် ပတ်သက်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၃ဝ၂ (၁)(ခ) အရ မသေမချင်းကြိုးကွင်းစွပ်သတ်စေရန်နှင့် အပြင်းအထန်နာကျင်စေမှုဖြစ်သည့် ရာဇ သတ်ကြီး ဥပဒေပုဒ်မ - ၃၂၅ အရ ထောင်ဒဏ် ၇ နှစ်အား သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ကြိုတင်ကြံစည်ပြီး သတ်ခဲ့တဲ့ အမှုဖြစ်တဲ့အတွက် မသေမချင်း ကြိုးကွင်းစွပ်သတ်စေဆိုတဲ့ အမိန့်ကို တရားသူကြီးက ချခဲ့တာပါ။ ထောင်ဒဏ် ၇ နှစ်ကကျတော့ အပြင်းအထန်နာကျင်စေမှုပေါ့။ အဲ့ဒီ ၇ နှစ်ကိုတော့ သီးခြားကျခံဖို့ အမိန့်ချလိုက်တယ်။ ကြီးတဲ့ပြစ်ဒဏ်က အရင်ကျမှာပါ”ဟု တောင်ပိုင်းခရိုင်မှူးခင်းမှတ်တမ်း တာဝန်ခံ ရဲအုပ်မြတ်စိုးက မဇ္ဈိမသို့ ပြောသည်။

တရားခံထွန်းနိုင်မှာ အဆိုပါ ပြစ်မှုကြီးနှစ်ခုအနက် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃ဝ၂ (၁)(ခ) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန်ပြစ်မှုမှာ ပထမကျခံရမည့် ပြစ်မှုဖြစ်ပြီး ထောင်ဒဏ် ၇ နှစ်မှာ ဒုတိယအဖြစ် ထပ်မံကျခံရမည့် ပြစ်မှုဖြစ်ကြောင်းသိရသည်။

“ဒီအမှုက တခြားအမှုတွေနဲ့ မတူဘူး။ သာမာန်အမှုလည်းမဟုတ်တော့ တရားသူကြီးက အမှုအသွားအလာတွေ၊ သက်သေအထောက်အထားတွေကို သေချာစိစစ်ပြီးမှ အမိန့်ချလိုက်တာပါ။ ပထမက မသေမချင်း ကြိုးကွင်းစွပ်သတ်စေပြီးတော့ ကျန်တဲ့ ပြစ်ဒဏ် ၇ နှစ်ကတော့ ဝိညာဉ်ကို ဆက်ပြီး ထောင်ကျခံစေတဲ့ သဘောမျိုး ဖြစ်ပါတယ်”ဟု တောင်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

တရားခံထွန်းနိုင်အား ယခုကဲ့သို့ အမိန့်ချမှတ်လိုက်သည့်အတွက် အမိန့်ချပြီး တစ်ပတ်အတွင်း နိုင်ငံတော်သမ္မတထံ အယူခံတင်သွင်းရမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

မေ ၁၉ ရက်တွင် ပယောကုဆရာဆိုသူ ထွန်းနိုင်က တရားသူကြီးမင်း၏ စစ်ဆေးခြင်းအပေါ် ၎င်းက ကလေးငယ်များကို ပုစိန်ဖြင့်သော်လည်းကောင်း၊ ခြေလက်ဖြင့်သော်လည်းကောင်း ကန်ကြောက် ထုနှက်ရိုက်သတ်ခဲ့ခြင်းမရှိကြောင်း တရားခွင်၌ ငြင်းဆိုခဲ့ခြင်းများရှိသည်။

ယင်းအမှုဖြစ်စဉ်မှာ  ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်၊ ည ၁၂ နာရီအချိန်တွင် တရာခံ ထွန်းနိုင်က တွံတေးမြို့နယ်၊ ပသီကုန်းကျေးရွာမှ ကလေးငယ်လေးဦးအား မကောင်းဆိုးဝါးများ နှင်ထုတ်သည်ဟုဆိုကာ ကန်ကျောက်ခြင်း၊ လက်သီးနှင့်ထိုးခြင်း၊ ဖနှောင့်ပေါက်ခြင်းများပြုလုပ်ခဲ့သဖြင့် အသက် ၃ နှစ်အရွယ် မောင်နေလင်း (ခ)တစ်တို၊ အသက် ၂ နှစ်အရွယ် မလှနှင်းရွှေနှင့် အသက် ၈ လအရွယ် မယမင်းဆိုသူ ကလေးကလေးငယ် သုံးဦးမှာ ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး အလောင်းများအား ဖျောက်ဖျက်ခဲ့ခြင်းဖြစ်သည်။

အသက်ရှင်ကျန်ရှိသည့် အသက် ၄ နှစ်အရွယ် မသင်းသင်းစိုးမှာလည်း ဖူးရောင်ညိုမဲ ဒဏ်ရာများရရှိခဲ့ကာ  ပြစ်မှုကျူးလွန်သူ ပရောဂဆရာဆိုသူ ထွန်းနိုင်ကို တွံတေးမြို့မရဲစခန်းမှ (ပ)၆၄၂/၁၆၊ရာဇသတ်ကြီးပုဒ်မ - ၃ဝ၂၊ ၃၂၅ ၊ ၂ဝ၁ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး ခရိုင်တရားရုံးတွင် တရားစွဲဆိုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required