စစ်ကိုင်းတိုင်း မုံရွာနှင့် တမူး အခြေအနေ

စစ်ကိုင်းတိုင်း မုံရွာနှင့် တမူး အခြေအနေ
ဓာတ်ပုံ - MOI

သြဂုတ် ၄ ရက် ။       ။ ချင်းတွင်းမြစ်ရေသည် ၁၃ နှစ်ကာလအတွင်း အမြင့်ဆုံးရေအမှတ်အဖြစ် သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက မုံရွာမြို့တွင် စိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာအထက် ၁၁၃၅ သို့ကျော်လွန်ခဲ့သည်။

မုံရွာမြို့နယ် ချင်းတွင်းမြစ်ရေကာကွယ်ရေးတာ (တောင်ပိုင်း) ရှိ တောင်ပုံ-၃ ပေါက်တွဲ ရေတံတားအနီးရှိ တာတွင် အလျား ၃၀ ပေ အကျယ် ၂၀ ပေနှင့် အမြင့် ၁၅ ပေခန့် ကျိုးပေါက်ခဲ့ပြီး ရေတံခါး၏ Retaining Wall အရှည် ပေ ၅၀ ခန့် ကျိုးပေါက်သွားသည်။ ထိုရေများမှာ တောင်ပုံချောင်းမှတစ်ဆင့် ချောင်းဦးမြို့နယ် ပေါက်အင်းသို့ ဝင်ရောက်လျက် ရှိသည်။

တာဘောင်ကျိုးကျမှုကြောင့် ထနောင်းတောကျေးရွာ အောက်ရှိ ပုရစ်ကုန်း၊ တောင်ပုံကျေးရွာရှိ ဒေသခံ ပြည်သူများ ရေဘေးအန္တရာယ်မှ ကင်းလွတ်စေရေးနှင့် လူနှင့်ကျွဲနွားတိရစ္ဆန်များ ရွှေ့ပြောင်းရသည်။

ဩဂုတ်လ (၂) ရက်နေ့ ညနေတွင် ပေါက်အင်းအတွင်း ရေဝင်ရောက်မှုမှာ (၂၁၉) ပေဖြစ်ပြီး ပေါက်အင်း၏ ပုံမှန်ရေသိုလှောင်နိုင်သည့် ရေအမှတ်(၂၂၀)ပေရှိပြီး (၂၂၄) ပေအထိ သိုလှောင်ပါ ကချောင်းဦး မြို့နယ် တောကျောင်းကြီးအုပ်စု၊ တောကျောင်းကြီးကျေးရွာ၊ ပေါက်အင်းကျေးရွာ၊ ရွာထင်ကျေးရွာ၊ မကျီးခွ ကျေးရွာအုပ်စု မကျီးခွကျေးရွာ၊ မင်းခေါင်ကျေးရွာ၊ မင်းတည်ကျေးရွာနှင့် မြောင်မြို့နယ် မကျီး ဘုတ်ကျေးရွာ အုပ်စုတို့ ရေဝင်ရောက်နိုင်သည့် အပြင် ချောင်းဦး-ပခုက္ကူ လမ်းမအပေါ်သို့ ရေများ ဖြတ်ကျော် စီးဆင်း နိုင်ကြောင်းနှင့် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကြိုတင်သတိပေးသည် ဟုပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းဆည်ဘောင်တာရိုး ရေတိုက်စားမှုအား ဒေသခံပြည်သူများနှင့် တိုင်းဒေသဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ သဲအိတ်များ ထပ်မံချထားခြင်း ၊မျောတိုင်များ ရိုက်ခြင်း၊ သစ်ပင်သစ်ကိုင်းများအား ကာရံခြင်းတို့ဖြင့် ဆည်တာဘောင် ထပ်မံကျိုးကျမှု မရှိစေရန် ကာကွယ်နေကြသည်။

ထို့တူ စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်း မိုးသည်းထန်စွာရွာမှုနှင့် ချောင်းရေတိုက်စားမှုတို့ကြောင့် တမူး-ကလေး လမ်းပေါ်ရှိ တံတား ၆ စင်း၊ တမူး-စေတီလမ်းပေါ်ရှိ တံတား ၆ စင်း စုစုပေါင်း ၁၂ စင်း ပျက်စီးခဲ့သည်။

အိမ်ထောင်စု ၉၁၀၊ လူဦးရေ ၅၂၂၅ ဦးသည်လည်း ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ရသည်ဟု အစိုးရသတင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly