မဇ္ဈိမရဲ့ ဂီတပရိတ်သတ်ကြီးအတွက် ဒီနေ့မှာတော့ Rock Guitarist တစ်ယောက်ဖြစ်တဲ့ ကိုညီညီထွေးနဲ့ တွေ့ဆုံမေးမြန်း ပေးထားပါတယ်။
မဇ္ဈိမ မေး - မင်္ဂလာပါ။ အစ်ကို့အနေနဲ့ ဂစ်တာတစ်လက်ကို အရှင်လတ်လတ် စပြီးမြင်တွေ့လိုက်ရတဲ့ အချိန်ကစပြီး ခံစားရတဲ့ ခံစားမှုလေးတွေကို သိချင်ပါတယ်။
ညီညီထွေး ဖြေ - ကျွန်တော် ၆ နှစ်သားလောက်မှာ အစ်ကိုတွေက ဂစ်တာသမားတွေဆိုတော့ သူတို့ တီးတာတွေတွေ့ပြီး ငယ်ငယ်လေးကတည်းက ဂစ်တာတစ်လက်တွေ့ရင် တီးချင်တာ။ အဲ့တာတော့ မှတ်မိတယ်။ ဟော်လိုဂစ်တာလေးပေါ့။
မေး - အစ်ကို့အနေနဲ့အခုလိုအနေအထား တစ်ခုအထိရောက်လာအောင် ကြိုးစားခဲ့ရတဲ့ ခက်ခဲမှုလေးတွေလဲ သိချင်ပါတယ်။
ဖြေ - ခက်ခဲမှုကတော့ အများကြီးပဲ။ ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင် အခုလို Youtube တို့ အင်တာနက်တို့က မရှိတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကက်ဆက်တောင် မပေါ်သေးဘူး။ ရေဒီယိုကနေ ည ၉ နာရီ ၄၅ လောက်မှာလာတဲ့ အစီအစဉ် တီးလုံးတွေ လွှင့်တယ်လေ။ နောက်ပြီးတော့ Local Talent ဆိုတာရှိတယ်။ မြန်မာပြည်က ဂီတာသမားတွေ တီးပြီးတော့ တင်ကြတာပေါ့။ အဲ့ဒီတုန်းက အရမ်းရူးသွပ်တာ။ အဲ့ဒီအစီအစဉ်ကို မဖြစ်မနေ နားထောင်တာ။ နောက်ပြီး ဦးသန်းမြင့်ရဲ့ ကမ္ဘာ့ဂီတ ဆိုပြီးတော့ မြန်မာ့အသံက လွှင့်တယ်။ အဲ့ဒါလဲ ဗဟုသုတ တော်တော်လေး ရတယ်။ ဗီသိုဗင်တို့၊ မိုးဇက်တို့ အကြောင်း နားထောင်ခဲ့ရတာပေါ့လေ။ ကက်ဆက် မရှိတော့ ရေဒီယိုက တစ်ပတ်တစ်ခါ ပြန်လွှင့်တဲ့ဟာကို နားထောင်ရတာ အခက်အခဲရှိတယ်။ နောက်ပြီး ပြန်ရစ်ပြီး မဖွင့်ရတော့ သီချင်းတစ်ပုဒ်ကို တစ်ခေါက်နားထောင်တာနဲ ့ချက်ချင်းရအောင် မှတ်ရတဲ့ အခက်ခဲတွေရှိတယ်။ ဒီဘက်ခေတ် ရောက်လာတော့ Metal Zone ကိုဇော်ဝင်းက ဂီတာစာအုပ်တွေ သွင်းလာတယ်။ အဲ့ဒီ စာအုပ်တွေ ကော်ပီကူးလို့ ရတယ်။ ဝယ်လို့ရတယ်။ အဆင်ပြေလာတာပေါ့။ ဂီတလောကမှာ လေ့ကျင့်ရတာပေါ့လေ။
မေး - ဟုတ်ကဲ့။ အဲ့ဒီအချိန်ကတည်းက တစ်နေ့ဘယ်အထိ ရောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် ပန်းတိုင်ရှိပါသလား ခင်ဗျ။
ဖြေ - ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဂီတာတီးရင် နံပါတ် ၁ ဖြစ်ချင်တာ အကောင်းဆုံးကို ကြိုးစားလို့ လူတွေက ကိုညီထွေး ခင်ဗျားသိပ်တော်တယ်ဗျာ ... ဆိုရင် အရမ်းကျေနပ်တယ်။ အဲ့ဒီလို ဖြစ်အောင်လဲ အမြဲကြိုးစားတယ်။ အခုချိန်ထိပေါ့။
မေး - အစ်ကို့အနေနဲ့Rock ဂီတကို ဘယ်လို ရူးရူးသွပ်သွပ်လေ့ကျင့်ခဲ့ရတယ် ဆိုတာလဲ သိချင်ပါတယ်။
ဖြေ - ပထမဆုံး ရပ်ကွက်ထဲမှာ တီးတာပေါ့နော်။ ၆ နှစ်သားလောက်မှာ စတီးတော့ ၁၀ နှစ်သား လောက်မှာ စတိတ်ရှိုးတွေ တီးတယ်။ အဲ့ဒီတုန်းက သီချင်းတစ်ပုဒ်ကိုရရင် တစ်ထပ်ထဲ လိုက်မှတ်ပြီး တီးတာပေါ့။ ၁၉၈၃ မှာ ကျွန်တော့်ဆရာသမားနဲ့တွေ့ပြီး ကိုထွန်းမြင့်အောင်ပေါ့ သူနဲ့တွေ့ပြီးတော့မှ Classical Music ကို စသိတာ။ ဆရာသမားက တီးပြတော့ အရမ်းသဘောကျသွားပြီး။ ကျွန်တော့်ကိုသင်ပေးပါ။ ဒီ Classcal ရဲ့ ထူးခြားတဲ့ဟာလေးတွေ သင်ပေးပါဆိုတော့ အဲ့ဒီမှာ ပတ်ကား Note ၊ International Notes ကို စထိတွေ့တာပဲ။ သီအိုရီတွေ လေ့လာပြီး ပိုစနစ်ကျ လာတာပေါ့။ အဲ့ဒီကနေ ဆရာသမားက မင်း Classical မတီးသင့်ဘူး။ မင်းက Rock တွေ တီးရမှာဆိုပြီး Music တွေချပေးတာပေါ့။ အဲ့ဒီမှာ ဆွီဒင်နိုင်ငံသား မဲလ်စတင်း ပေါ့။ Rock ဂီတာသမား ကမ္ဘာမှာ လက်အမြန်ဆုံး သူ့ရဲ့ဟာတွေ ၊ နောက် အယ်လေမြူးလားလို ဟာတွေ စလေ့ကျင့်တာပဲ။ အဲ့တာက Rock ဂီတကို စထိတွေ့တာပါပဲ။
မေး - ဟုတ်ကဲ့။ နောက်ထပ်သိချင်တာလေးက Hollow Guitar နဲ့ Solo Guitar ရဲ့ ကွာခြားချက်လေးလဲ သိချင်ပါတယ်။
ဖြေ - Hollow Guitar နဲ့ Soloid Guitar တို့ကွာခြားတာက Touching ကွာတာပေါ့။ ဟော်လိုမှာက သူ့လက်ထိတဲ့ အလုံးကို အတိုးအကျယ်တွေ သိရတယ်။ Electric Guitar မှာကျ သိတော့သိတယ် Distortion Effect တွေပါတော့ သိပ်မသိဘူး။ ဟော်လိုက တီးရင်တီးသလောက် အသံထွက်လာတဲ့ အခါမှာ ဒီ Electric Guitar ကျတော့ ၁၀ တီးရင် ၁၀ သံပဲထွက်တယ်။ ၅ တီးလဲ ၁၀ အသံပဲထွက်တယ်။ ကွန်ပရက်ဆာတို့ ဘာတို့ပါတော့ အသံတွေကို ညီအောင်ညှိထားတော့ မပင်ပန်းဘူး ပိုမြန်အောင် တီးလို့ ရတယ်။ ဟော်လိုမှာကျတော့ လက်စလက်န ကောင်းမှပေါ်တာပေါ့။ နောက် ဆလာ ခေါ်မှာပေါ့။ ညာဖက်လက်ကမတီးဘဲ ဘယ်ဘက်တဖက်ထဲနဲ့တီးချသွားတော့ အသံတွေ အများကြီးထွက်တယ်။ နောက် Technique တွေကျပိုစုံတာပေါ့ .. ဒါပေမယ့်လဲ ဟော်လိုဟာ Basic အကျဆုံးနဲ့ ဂီတာသမားတွေ အတွက် လေ့ကျင့်သင့်တဲ့ အရာတခုပါပဲ။
မေး - အခုခေတ် Japan Guitar တပတ်ရစ်တွေ ဈေးကွက်မှာ ဈေးပေါပေါ ဝင်ရောက်လာတဲ့ အပေါ် အစ်ကို့အမြင်လေးလဲ သိချင်ပါတယ်။
ဖြေ - အဲ့ဒီဂစ်တာတွေက ကျွန်တော်တို့ ဂီတာစတီးကတည်းက သီလဝါဆိပ်ကမ်းကနေ ဝင်လာတာ အဲ့ဒီတုန်းကတည်းက တစိုက်မတ်မတ် တီးလာတဲ့ ဂစ်တာသမားတွေ ဒီဈေးကလဲ ပေါတယ်။ ဂျပန်လဲရတယ်ပေါ့။ ဒီဘက်ခေတ်မှာကျတော့ Online ကနေ ဂီတာ ရောင်းဝယ်ရေးတွေကော ဆိုတော့ အများကြီး အထောက်အကူ ပေးတယ်လေ။ ဂျပန်က တစ်နိုင်ငံလုံးများ ဂစ်တာတီးကြလားမသိ။ ကျွန်တော်တို့ စတီးကတည်းက ကုန်ကို မကုန်နိုင်ဘူး။ အခုထိ ကောင်းတာလဲ ရှိသလို မကောင်းတာလဲ ရှိတာပေါ့။ Ibanez လို ဂီတာတွေ esp လိုမျိုးတွေဆို ဈေးက ၁၀သိန်း ပတ်ဝန်းကျင် ပေးနေရတာကို ၂ သိန်းခွဲ ၃ သိန်းလောက်နဲ့ရတာဆိုတော့ ဈေးကသက်သာတော့ ဂီတာသမားတွေအတွက် အဆင်ပြေတယ်လေ။
မေး - အစ်ကို့အနေနဲ့ အောင်မြင်တဲ့ သင်တန်းသားတွေလဲ အများကြီး မွေးထုတ်ပေးနိုင်တာ တွေ့ရပါတယ်။ အဲ့ဒီအပေါ်မှာ အစ်ကို့ရဲ့ သင်ကြားပြသမှု အကြောင်းလေးသိချင်ပါတယ်။
ဖြေ - အဓိက,ကတော့ ကျွန်တော် ခံယူထားတာပေါ့နော်။ သင်တန်းပေးရင် ဂီတာသမားတွေ စိတ်ချမ်းသာရမယ် ပျော်နေရမယ်။ စိတ်ညစ်နေရင် ဘာမှ အဓိပ္ပါယ်မရှိဘူး သူတို့စိတ်ထဲမှာ ဒီလိုတီးချင်တယ် တီးချင်တာကို အစကနေ ပြန်သွားမယ်ဆိုရင်။ ဒီကိုလာသင်တာ တော်တော်များများကလဲ အနည်းနဲ့အများ တီးတတ်တဲ့ လူတွေများတယ်။ အဲ့ဒီတော့ သင်မယ့်သူနဲ့ အရင်စကားပြောကြည့်တယ်။ သူဘာလုပ်ချင်တာလဲ အရင်မေးတယ်။ သူလုပ်ချင်တဲ့ အရာအပေါ်မှာ စွမ်းရည်မြှင့်ပေးတယ်။ ပြီးတော့မှ ကိုယ်လိုချင်တဲ့ဟာနဲ့ ပြန်ညှိပြီးတော့ ပြန်သင်တော့ တဘက်ကလဲ စိတ်ချမ်းသာတယ်။ ချက်ခြင်းတီးချင်ရာလဲ တီးလို့ရတယ်။ ဘောင်တခုနဲ့ မထားတော့ဘူး ဒီကမ္ဘာ ပေါ်မှာလဲ အဲ့ဒီလိုပြောင်းလဲလာတာမျိုးလေးတွေ တွေ့ရတယ်ပေါ့နော်။
မေး - အစ်ကို့အနေနဲ့ Rock ဂီတအပြင် ဘယ်လိုအမျိုးအစားတွေ တီးဖြစ်သေးလဲ။
ဖြေ - ပွင့်ပွင့်လင်းလင်းပြောရရင် သင်တန်းဆရာတယောက် အနေနဲ့ အမှန်က ကျွန်တော်က Player ကနေ သင်တန်းပေး နေရတာဆိုတော့ Player တယောက်အနေနဲ့ Show တွေ လဲ အခါအခွင့် သင့်ရင်တီးရတယ်။ Recording တွေလဲ တီးနေပြီး သင်တန်းဆရာတယောက် အနေနဲ့ဆို Genarl ပေါ့။ တချို့ဆို Jazz တီးချင်လို့ရောက်လာတယ်။ မြန်မာပြည်မှာ Jazz ဆရာကြီးတွေ အများကြီးရှိပါတယ်။ သူတို့ဆီကိုလွှဲပေးတယ်။ ဒါပေမယ့် သူတို့က ဆရာပဲသင်ပေးပါ။ ဒီမှာပဲ သင်ချင်တယ် ဆိုတော့ အဲ့ဒီမှာကိုက Jazz တွေလေ့လာတယ်။ Blues တွေလေ့လာတယ်။ ကိုယ်နဲ့ မဆိုင်တာတွေပေါ့။ ကျွန်တော်က Metal အရမ်းကြိုက်တာဆိုတော့ ဒုတိယ ဘာကြိုက်လဲ မေးရင်တော့ Classical အရမ်းကြိုက်တယ်။ နောက် Country ကို အမြန်တီးတာတွေ သဘောကျတယ်။ ဒါကတော့ ဒုတိယ အနေနဲ့ ကြိုက်တာပေါ့။ တကယ်လဲနားထောင်ဖြစ်တယ် ..
မေး - အစ်ကို့အနေနဲ့နိုင်ငံခြားက Instrumental ဂီတာသမားတွေလို တစ်ယောက်ထဲရပ်ပြီး အောင်မြင်အောင် လုပ်ဆောင်တာ မတွေ့ဘူးလို့ မြင်မိပါတယ်။ အဲ့ဒီအပေါ်မှာ အစ်ကို့အနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ - အင်း အဲ့ဒါက နိုင်ငံနဲ့ဆိုင်မယ်ဗျ။ အခု ကျွန်တော် Instrumental Show တီးခဲ့တယ်။ ဂီတာသမား ၁၇ ယောက်နဲ့လူလဲအတော်ပြည့်ပါတယ်။ ဒါပေမယ့် Instrumental Show ရဲ့ နောက်ကွယ်မှာ ဘာပါလာသလဲဆိုတော့ အဆိုပေါ့။ သီချင်းဆိုတာကို လူတွေက စိတ်ဝင်စားကြတယ်။ နိုင်ငံတကာမှာက အသံစနစ်တွေက ဒီမှာထက် ပိုပီပြင်တယ်။ ကြည့်ရတဲ့ လူတွေအတွက် ဟာခနဲ ဟင်ခနဲ ဖြစ်တယ်။ ဒီမှာက ကျွန်တော်အရင် Instrumental Show တွေမှာ တီးရင် သီချင်းမဆိုဘူးလား မေးတယ်။ Instrumental Music ရဲ့ အရသာကို သိပ်မခံစားတတ်ကြဘူးလို့ ပြောလို့ရတယ်။ ဥပမာ အရင် ဗီသိုဗင်တို့ မိုးဇက်တို့ အကြောင်း ပြန်လှန်မယ်ဆို သီချင်းဆိုတဲ့ စာသားမပါဘဲ သရုပ်ဖေါ်သွားတာပေါ့။ For the love of God ဆိုတာကို Steve Vai ကတီးတော့ လူတွေဘာလို့ ကြိုက်ကြသလဲဆိုရင် ခေါင်းစဉ်နဲ့ သီချင်းနဲ့ကိုက်တယ် Instrumental ဆိုတော့ စာသားမပါဘူး။ ကိုယ်လိုချင်တဲ့ Taste ကိုပစ်သွင်းရတာမို့ တာဝန်လဲ ပိုကြီးတယ်။ တီးချင်တိုင်း တီးလို့လဲ မရဘူး။ ကျွန်တော်အခုဆိုရင် အရမ်းတီးနိုင်တာထက် သီချင်းခေါင်းစဉ်နဲ့ နာမည်ပေးထားတာ အရမ်းဂရုစိုက်တယ်။ ကျွန်တော့်မှာ Instrumental တစ်ပုဒ် လက်ပံတောင်းတောင် ဆိုတာရှိတယ်။ ကျွန်တော်မရောက်ဖူးဘူး ဘုန်းကြီးတွေ သေနတ်နဲ့ပစ် ဘာညာဆိုတော့ ရင်ထဲမှာခံစားပြီး တီးထားတာ အဲ့ဒီအချိန်က အဲ့ဒီလို Taste တခုတော့ရတယ် ခေါင်းစဉ်ပေါ့နော်....
အပိုင်း(၂) ဆက်လက် တင်ဆက်ပေးပါမည်။