လူမြင်ကွင်း၌ မူးယစ်ရမ်းကားမှုဖြင့် မိုင်းလ်တယ်လာ အဖမ်းခံရ

လူမြင်ကွင်း၌ မူးယစ်ရမ်းကားမှုဖြင့် မိုင်းလ်တယ်လာ အဖမ်းခံရ

အမေရိကန်မင်းသား မိုင်းလ်တယ်လာသည် လွန်ခဲ့သော တနင်္ဂနွေနေ့ညက ဆန်ဒီယေဂိုမြို့တွင် လူမြင်ကွင်း၌ မူးယစ်ရမ်းကားခဲ့သောကြောင့် အမှုဖွင့်ကာ အဖမ်းခံခဲ့ရကြောင်း ဆန်ဒီယေဂိုရဲစခန်းမှ ပြောရေးဆိုခွင့်ရှိသူတစ် ဦး က တနင်္လာနေ့တွင် ပြောခဲ့သည်။

မိုင်းလ်တယ်လာသည် တနင်္ဂနွေနေ့ ညသန်းခေါင်ယံက သူ၏မိတ်ဆွေများနှင့်အတူ လူမြင်ကွင်း၌ မူးယစ်ယမ်း ကားနေစဉ် ရဲအရာရှိများက တွေ့ရှိကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ရဲစခန်းမှ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ “Fantastic Four” ဇာတ်ကား၏ မင်းသားဖြစ်သူထံတွင် အရက်အလွန်အကျွံသောက်ထားသည့် လက္ခဏာများ တွေ့ရှိရပြီး လမ်းမပေါ်သို့ လဲကျတော့မတတ် ယိမ်းထိုးနေကာ စကားများလည်း ဗလုံးဗထွေးပြောနေခဲ့ကြောင်း သိရသည်။

အသက် ၃၀အရွယ်မင်းသားဖြစ်သူသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ ဘေးအန္တရာယ်ဖြစ်နိုင်သောကြောင့် ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။ တယ်လာကို အဆိပ်အတောက်ဖြေသည့် စင်တာတွင် အမူးဖြေပေးခဲ့သော်လည်း စင်တာမှ ဝန်ထမ်းများ၏ စကားကို လိုက်နာခြင်းမရှိပဲ ရမ်းကားခဲ့သောကြောင့် အချုပ်ထဲသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ထို့နောက် သိပ်မကြာ ခင်တွင် တယ်လာအား ပြန်လွှတ်ပေးခဲ့သည်။

ယင်းဖြစ်ရပ်နှင့် ပက်သက်၍ သူ၏ကိုယ်စားလှယ်များက ဖြေရှင်းချက်ပေးရန် တောင်းဆိုချက်များကို တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

သို့သော်လည်း တယ်လာက အဆိုပါကိစ္စကို တနင်္လာနေ့တွင် သူ၏တွစ်တာမှတဆင့် တုန့်ပြန်ဖြေရှင်းခဲ့ပြီး ထိန်းသိမ်းခံခဲ့ရယုံသာဖြစ်ကြောင်းနှင့် အဖမ်းခံခဲ့ရခြင်းမဟုတ်ကြောင်း ပြောဆိုခဲ့သည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly