လင်းလက်ကြယ်၏ ရာဇဝင်

လင်းလက်ကြယ်၏ ရာဇဝင်

ဇွန်လ ၁၇ရက်နေ့မှာတော့ တစ်နိုင်ငံလုံးက စောင့်မျှော်နေကြတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထွက်ရှိလာခဲ့ပါတယ်။ ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းအောင်မြင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံး ပထမ ရခဲ့တာကတော့ အ.ထ.က (၂) ရန်ကင်းက မောင်သုတရဲမိုးပါ။  သိပ္ပံဘာသာတွဲနဲ့ ဘာသာစုံဂုဏ်ထူးကို အမှတ်ပေါင်း ၅၅၅ မှတ်ရရှိထားတာပဲ ဖြစ်ပါတယ်။

ဒီလို အောင်မြင်မှုရအောင် ဘယ်လိုကြိုးပမ်းခဲ့သလဲဆိုတာနဲ့ မိသားစုက ဘယ်လို ပံ့ပိုးပေးခဲ့သလဲဆိုတာတွေကို မောင်သုတရဲမိုးနဲ့ သူ့မိသားစုကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

သုတရဲမိုး - နှစ်စကတည်းက ကြိုးစားခဲ့ပါတယ်။ စာကို ပုံမှန်ကျက်တယ်။ တစ်နေ့စာ၊ တစ်နေ့ အကြွေး မထားဘူး။ တစ်ရက်ကို စာကျက်ချိန် ခြောက်နာရီလောက် ရအောင် ထားတယ်။ တစ်နေ့ကို အိပ်ချိန် ၈နာရီ ဒါမှမဟုတ် ၆နာရီ၊ ၇နာရီလောက် ရအောင် အိပ်တယ်။ နေ့တိုင်း ဘာသာ အားလုံးကို မျှအောင် လေ့လာတယ်။ အချိန် စာရင်းမဆွဲထားဘူး။ မြန်မာစာမှာ ဆိုရင် အပိုင်ရမယ့်ဟာတွေကို သေချာကျက်တယ်။ ကျန်တဲ့ စကားပြေ၊ ကဗျာ အရေးအသားတွေကိုလည်း ကျောင်းက ဆရာမတွေသင်တာ၊ ကျူရှင်က ဆရာမတွေ သင်တာကို သေသေချာချာ လေ့လာထားတယ်။ အင်္ဂလိပ်စာမှာဆိုရင်လည်း မေးခွန်းကို ဘယ်လိုပဲ မေးမေး ဖြေနိုင်အောင် ပြင်ဆင်ထားတယ်။ မြန်မာစာအတွက် စာစီစာကုံး လုပ်ဖြစ်တယ်။ အင်္ဂလိပ်စာ letter, essay တွေကို တစ်ပတ်ကို ၂ပုဒ်၊ ၃ပုဒ်လောက် ရေးဖြစ်တယ်။ သင်္ချာမှာဆိုရင် အခန်းတိုင်းက ဘာကိုဆိုလိုသလဲ ဆိုတာနဲ့ တစ်ခန်းစီရဲ့ conceptတွေကို နားလည်အောင် လေ့လာတယ်။ နားလည်အောင် ဖတ်တယ်။ အဲ့ဒါ ပြီးသွားတော့မှအဲ့ဒါအပေါ်မှာ အခြေခံတဲ့  ပုစ္ဆာတွေကို လိုက်တွက်ကြည့်တယ်။ ပုစ္ဆာတွေကို အလွတ်မကျက်ဘူး။ မေးခွန်းဟောင်းမှာပါတဲ့ ပုစ္ဆာတွေကို လိုက်ပြီး လေ့လာတယ်။ Chemistry ဆိုရင် ကျက်စာနဲ့ တွက်စာ ၂မျိုး ပါတယ်။ အဲ့အခါဆို ကျက်စာမှာ definition တွေ၊ long question ပါမယ်။ အဲ့ဒါတွေကို သေသေချာချာ ကျက်မှတ်ထားတယ်။ အထပ်ထပ်အခါခါ ရေးတယ်။ တွက်စာတွေကို ချတွက်တယ်။ မေးခွန်းဟောင်း ပုစ္ဆာတွေကို တွက်တယ်။ ဖတ်စာအုပ်ကို တစ်ခန်းမှ မလွတ်အောင် သေသေချာချာ ဖတ်မှတ်ထားတယ်။ အဓိက နားလည်အောင် လုပ်တယ်။ နားလည်အောင်လုပ်တော့မှ အဓိက physics, chemistry မှာပါတဲ့ True/False တွေကို ဖြေနိုင်အောင် လေ့ကျင့်ထားတယ်။ Bio ဆိုရင် လူတွေအများစု သိကြတာက ကျက်စာပေါ့နော်။ အမှန်တော့ Bioဆိုတာ ဆရာမ သင်လိုက်တာကို နားလည်အောင် လုပ်ထားရမယ်။ နားလည်တော့မှ နားလည်တာတွေကို သေချာမှတ်ထားတယ်။ Bioမှာဆိုရင် စာလုံးပေါင်း မှားတတ်တယ်။ စာလုံးပေါင်းတွေ ချချရေးတယ်။ ပုံတွေအထပ်ထပ် ဆွဲဖြစ်ပါတယ်။

သူဒီလို ထူးချွန်အောင် နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့သူတွေလည်း ရှိပါတယ်။

သုတရဲမိုး - အဓိက ကတော့ ဖေဖေနဲ့ မေမေပေါ့နော်။ အစစအရာရာ လိုလေသေးမရှိ၊ နှစ်စကနေ စာမေးပွဲဖြေပြီးတဲ့အထိ ပံ့ပိုးကူညီပေးခဲ့တယ်။ ကျောင်းစာကိုပါ လိုက်ပြီး ကူညီပေးတယ်။ အဖေဆိုရင် မသိတဲ့၊နားမလည်တဲ့စာပိုဒ်တွေဆို ရှင်းပြပေးတယ်။ အမေဆိုရင် မြန်မာစာနဲ့သင်္ချာကို ဂိုက်လုပ်ပေးတယ်။ သင်္ချာပုစ္ဆာတွေကို တွက်ပြတယ်။ physics, chemistry တွေဆို ချရေးပြီး ပြန်စစ်ပေးတယ်။ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးတယ်။ စားချိန်နဲ့ အိပ်ချိန် အဓိကက အဲ့နှစ်ခုကို ပုံမှန်ရှိအောင် ဂရုစိုက်ပေးတယ်။ ကျန်းမာရေးကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးခဲ့တယ်။ နောက်ပြီးတော့ ပညာသင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေ၊ အ.ထ.က(၂)ရန်ကင်းက ဆရာ၊ဆရာမတွေကလည်း အမှတ်ပေးစည်းမျဉ်းနဲ့ အညီ ဖြေဆိုနိုင်အောင် လေ့ကျင့်သင်ကြားပေးခဲ့တယ်။ နောက် ရတနာစာသင်ဝိုင်းနဲ့ဆရာ ဦးလှကျော်ဦး တို့ကလည်း ဘာသာရပ်တိုင်းကို လွယ်ကူချောမွေ့စွာဖြေဆိုနိုင်အောင် လေ့ကျင့်ပေးတယ်။သင်ကြားပေးတယ်။စာမေးပွဲတွေကို ထပ်ခါထပ်ခါ တစ်ပတ်ကိုနှစ်ခါလောက် ပုံမှန်စစ်ပေးပါတယ်။

ငယ်စဉ်ကတည်းက ချူချာတဲ့ သူ့ကို အခုလို ကျန်းမာထူးချွန်အောင် မိခင်ဖြစ်သူက အခုလို ပံ့ပိုးခဲ့ပါတယ်။

ဒေါ်မြကေသွယ်အောင် (သုတရဲမိုး၏ မိခင်)

ကျန်းမာရေးနည်းနည်းချူချာတဲ့ ကလေးဖြစ်တော့ ကျန်းမာရေးကို အန်တီအရမ်းဂရုစိုက်ပေးတယ်။ အချိန်နဲ့စားဖို့၊ နောက်ပြီး အိပ်ရေးပျက်ခံပြီး စာကျက်တာမျိုးကို အန်တီလုံးဝ အားမပေးဘူး။ အိပ်ချိန်ကို ပုံမှန်ထားပေးတယ်။ မရှိဘူးဆိုရင်တောင် တစ်နေ့ကို အနည်းဆုံး ၇နာရီ ရှိရမယ်။ အိပ်ချိန်ကတော့ သူက ၈နာရီလောက် ပုံမှန်တိုင်းရှိတယ်။ တစ်ခါတလေ ကျတော့လည်း စာတွေဘာတွေ များသွားတယ်၊ အိမ်စာထပ်ရမှာတို့ ဘာတို့ ရှိတယ် ဆိုရင်တော့ အအိပ်နည်းသွားတယ်ဆိုတာနဲ့ အစားနဲ့ပြန်ဖြည့်။ နောက်ပြီး သူက အစားချေးများတဲ့ကလေးဆိုတော့ စားတဲ့အစာတွေကို သူ့အတွက် သီးသန့်ရွေးပြီး လုပ်ပေးရတယ်။ မိသားစုနဲ့ မတူဘူးဆိုတော့ ကျန်တဲ့သူတွေက ဒီဟင်းကို ကြိုက်လို့ ညီတယ်၊စားတယ်ဆိုရင်တောင် သူ့အတွက် သီးသန့်ဟင်းတစ်မျိုး လုပ်ပေးရတယ်။ အာဟာရပြည့်အောင် အန်တီက ဒီလိုဂရုစိုက်ပေးရတယ်။ နောက်ပြီး သူက စာပဲလုပ်တာ၊ ငြိမ်ငြိမ်လေးနေချင်တယ် ဆိုတော့ လှုပ်ရှားမှုနည်းတဲ့အတွက် အန်တီက အတတ်နိုင်ဆုံး ဘာမှမလုပ်ရင်တောင် သူ့ကို လမ်းလျှောက်ခိုင်းတယ်။ တော်တော်တန်တန်ဆို အိမ်နဲ့ ကျူရှင်နဲ့က မနီးမဝေးခရီးပေါ့။ အဲ့ဒါမျိုးဆို အန်တီက လမ်းလျှောက်ပြန်မယ် သား ဘာညာ၊ မိုးမရွာဘူး၊ ရာသီဥတုသာယာတယ် ဆိုပြီး ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ဖြစ်အောင် အန်တီက လုပ်ပေးဖြစ်တယ်။

မိဘဆရာတွေရဲ့ ကြိုးပမ်းအားထုတ်မှုအပါအဝင် ကိုယ်တိုင်ကြိုးစားအားထုတ်မှုရဲ့ ပေါင်းစပ်မှုကတော့ သုတရဲမိုးကို ငယ်စဉ်ကတည်းက ထူးချွန်သူဖြစ်လာစေခဲ့တာပါ။

သုတရဲမိုး - သူငယ်တန်းကနေ ရှစ်တန်းထိ တန်းစဉ် ပထမ ရတယ်။ ကိုးတန်းမှာ ဒုတိယရခဲ့ပါတယ်။ ငယ်ငယ်ကတည်းက မြန်မာစာ၊ အင်္ဂလိပ်စာ စာစီစာကုံးပြိုင်ပွဲ ဝင်ပြိုင်ခဲ့တယ်။ ဝင်ပြိုင်ခဲ့တာကလည်း အမေကပြိုင်ခိုင်းလို့။ ကိုးတန်း၊ဆယ်တန်းရောက်မှ letter, essay ဆိုတာ ထလုပ်လို့မရဘူး။ ငယ်ငယ်ကတည်းက အခြေခိုင်အောင် ပြုစုပျိုးထောင်ပေးခဲ့မှ ကိုးတန်း၊ဆယ်တန်းရောက်တဲ့အခါ letterနဲ့ စာစီစာကုံးကို ကောင်းကောင်း ရေးနိုင်လိမ့်မယ်။ အမေက ငယ်ငယ်ကတည်းက ပြိုင်ခိုင်းတယ်။ ကျောင်းက ဆရာမတွေ၊ အ.လ.က ၄ ရန်ကင်း က ဆရာ၊ဆရာမတွေကလည်း ဘယ်ပွဲမဆို ပြိုင်ခိုင်းတယ်။ ပြိုင်ပွဲအတွေ့အကြုံတွေကို ယူခဲ့တယ်။ စာစီစာကုံးပြိုင်ပွဲတွေမှာလည်း နှစ်တိုင်း ဆုရတာများတယ်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်ဆုတွေ ရခဲ့တယ်။ နောက်ပြီး ငယ်ငယ်က သင်္ချာကို ဝါသနာပါတယ်။ သင်္ချာဘာသာရပ်ကို ဒီကျောင်းသင်ရိုးအပြင် တခြား ပြင်ပက စာအုပ်တွေ ဝယ်ပြီးတော့ ဖတ်ဖြစ်တယ်။လေ့လာတယ်၊ puzzle တို့၊ ညဏ်စမ်းစာအုပ်တွေကိုလည်း ဝယ်ပြီးတော့ ကိုယ့်ဘာကိုယ် တွက်ကြည့်တယ်။ သင်္ချာပြိုင်ပွဲတွေလည်း တော်တော်များများ ပြိုင်ခဲ့ဖူးတယ်။ အဲ့ထဲမှာမှ Horizonက လုပ်တဲ့ သင်္ချာပြိုင်ပွဲမှာ တတိယဆု နှစ်ကြိမ် ရဖူးတယ်။ နောက် စင်ကာပူနိုင်ငံက ကြီးမှူးတဲ့ အာဆီယံ သင်္ချာပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ် နှစ်နှစ် ဆက်တိုက် ရဖူးပါတယ်။ နောက်ပြီး ရှစ်တန်းတုန်းက ကိုးတန်း၊ ဆယ်တန်းအတွက် ပညာသင်ဆု ရွေးချယ်ခံရပါတယ်။

တစ်နေ့စာ တစ်နေ့ အကြွေးမကျန်အောင် လုပ်ရတော့ အားလပ်ချိန်မှာ သူဘယ်လိုအနားယူသလဲ

သုတရဲမိုး - တစ်နေ့လုံး မနက် ၇နာရီကတည်းက သွားရတယ်။ တချို့နေ့တွေဆို ၅နာရီမှ ပြန်ရောက်တယ်။ ပြန်ရောက်တဲ့အခါမျိုးဆို အိပ်တာများတယ်။ တစ်နာရီ၊ နှစ်နာရီလောက် အိပ်လိုက်တာ များတယ်။အနားယူတာပဲ ဖြစ်ဖြစ်၊ အိပ်တာပဲ ဖြစ်ဖြစ်။ အကယ်လို့ တချို့ရက်တွေ မအိပ်ချင်ရင် တီဗီကြည့်တယ်၊ သီချင်းနားထောင်တယ်။ စနေ၊တနင်္ဂနွေဆို အားလပ်ချိန်ပိုရှိတော့ အဲ့လိုချိန်မျိုးဆို စာဖတ်ဖြစ်တယ်။သုတရသ စာတွေ၊ သတင်းစာတော့ နေ့တိုင်း ဖတ်တယ်။သတင်းစာက ဆောင်းပါးလေးတွေကနေ ဗဟုသုတလေးတွေ မှတ်ထားတယ်။ စာစီစာကုံးတို့ ဘာတို့မှာ ထည့်ရေးလို့ရအောင်လို့ အမြဲမှတ်ထားတယ်။

စာဖတ်တဲ့အကျင့်ရအောင် မိဘတွေက ဘယ်လိုလေ့ကျင့်ပေးသလဲ

ဦးကျော်ရဲမိုး (သုတရဲမိုး၏ ဖခင်)

သူတို့ကို ငယ်ငယ်ကတည်းက စာဖတ်ဖို့ အကျင့်လုပ်မယ်ဆိုတာ ဟိုးကတည်းက စဉ်းစားထားတယ်။ သူတို့ နည်းနည်းဖတ်တတ်တဲ့အချိန်မှာ ဦးက ထုံးစံအတိုင်း ပုတက်တို့၊ဘာတို့ သူတို့ဖတ်ချင်တာတွေနဲ့ အရင်စ စည်းရုံးခဲ့ရတယ်။ အဲ့ဒါလေးတွေ သူတို့ကို ဖတ်ခိုင်းရင်း တဖြည်းဖြည်းနည်းနည်းကြီးလာတော့မှ ကိုယ်လိုချင်တဲ့ဘက်ကို စထိန်းကျောင်းပြီး လေ့ကျင့်ပေးခဲ့ရတာပေါ့။ အခု သူတို့မောင်နှမ နှစ်ယောက်စလုံးက စာဖတ်တဲ့အကျင့်တော့ ရှိသွားပြီ။ နောက်တစ်မျိုးက ဦးက သူတို့ကို ထိန်းကျောင်းတဲ့နေရာမှာ ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ ဆိုပြီး အဲ့လို လိုက်ပြောနေတာက အောင်မြင်တဲ့ နည်းလို့ သိပ်မထင်ဘူးကွ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က နေရာတကာ သူတို့နဲ့ ၂၄နာရီ ရှိနိုင်တာမှ မဟုတ်တာ။ ငယ်တုန်းတော့ ရှိမယ်လေ။ တစ်နေ့ကျရင် သူတို့ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြရမှာပဲ။ အဲ့တော့ ခေါင်းထဲကို အသိထည့်ပေးတာက ပိုပြီး အိုကေမယ်လို့ ဦးထင်တယ်ပေါ့လေ။ အဲ့တော့ ဒါမကောင်းဘူး၊ ဒါကောင်းတယ်ဆိုတာကို သူတို့ရဲ့ နှလုံးသားထဲမှာ သူတို့လက်ခံတဲ့အထိ အဲ့လိုဖြစ်လာအောင် သူတို့ကို လေ့ကျင့်ပေးထားတယ်။

ဒေါ်မြကေသွယ်အောင် (သုတရဲမိုး၏ မိခင်)

စာဖတ်တာကို အန်တီအရမ်းအားပေးတယ်။ ငယ်ငယ်တုန်းကတော့ သူ့အသက်အရွယ်အလိုက်ပေါ့။ ရွှေသွေးတို့၊ ပုတက်တို့၊ တေဇတို့ စတဲ့ စာစောင်လေးတွေ။ အခု နည်းနည်း အရွယ်ရောက်လာပြီဆိုတော့ ပေးဖတ်တဲ့ စာအုပ်ကလေးတွေလည်း နည်းနည်း ပြောင်းလာတာပေါ့။ ဖေမြင့်ရဲ့ နှလုံးသားအာဟာရ စာစုတွေ အဲ့လိုမျိုး စာအုပ်ကလေးတွေ၊ နောက် ဘာသာရေးစာအုပ်ကလေးတွေ ၊ ဘာသာပြန်စာအုပ်လေးတွေ၊ သူလည်းကြိုက်တတ်တယ်၊ ဖတ်ဖြစ်စေချင်တယ်ပေါ့။ သူ့အဖေက စာအုပ်ကလေးတွေ ဝယ်ဝယ်လာတယ်။ သားလေး ဒါလေးဖတ်ကြည့်ဆိုပြီး စာဖတ်ဖို့ကို အများကြီး တိုက်တွန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဟာသူက စာဖတ်ဖို့ နည်းနည်းပျင်းတယ်။ဝါသနာသိပ်မပါချင်ဘူး။ အဲ့ဒါကို ဝါသနာပါလာအောင် လုပ်ပေးတယ်။အဲ့ဒါကလည်း ကျောင်းစာမေးပွဲတွေမှာ ပြန်ပြီး အထောက်အကူပြုတယ်။အဓိက စာစီစာကုံးရေးတဲ့အခါကျ အပြင်စာလေးတွေ ဖတ်ထားတော့ ပြင်ပဗဟုသုတနဲ့ ပေါင်းစပ်ပြီး သူဖတ်ထားတဲ့စာနဲ့ သူဖြေရမယ့် စာနဲ့ မေးခွန်းနဲ့ တိုက်ဆိုင်လာရင်၊ စာစီစာကုံးခေါင်းစဉ်က ဖတ်ထားတဲ့အကြောင်းအရာထဲက ထည့်ရေးလို့ရတဲ့ဟာဆိုရင် သူရေးတတ်လာတယ်။ ဗဟုသုတ ရှိလာတယ်။နောက် သတင်းစာနေ့တိုင်းဖတ်ခိုင်းတယ်။အိမ်မှာက စာစောင်တွေ၊ စာအုပ်တွေက ဘယ်တော့မှ မပြတ်ဘူး။ အဲ့ဒါလေးတွေ ပံ့ပိုးပေးတယ်။

မိသားစုအတွင်း စာဖတ်တဲ့အလေ့အကျင့်ဖြစ်လာအောင်လုပ်ခဲ့ပုံကို ဖခင်ဖြစ်သူက အခုလို ပြောပြပါတယ်။

ဦးကျော်ရဲမိုး (သုတရဲမိုး၏ ဖခင်)

ကျွန်တော်က စာအုပ်ဆိုင်က စာအုပ်ဝယ်၊ပြီးရင် သူတို့ကို ဒီစာအုပ်လေးဖတ်ရင် ဘယ်လောက်ရမလဲ အဲ့လိုမျိုးနဲ့ စစည်းရုံးရတာ။သူတို့ စာတော်တော်ဖတ်တတ်တဲ့ အရွယ်ကတည်းက ပုတက်၊ရွှေသွေး ရသမျှ ဝယ်ထားတယ်။ နောက် နည်းနည်းလေးကြီးလာတော့ အဲ့မှာစပြီး ကိုယ်ဖတ်စေချင်တဲ့ စာအုပ်ကို သူတို့ကို ပြပြီး စည်းရုံးရတယ်။ တစ်ခါတလေကျရင် စာအုပ်က ဆိုဒ်ချင်းတူတယ်။ ဒါပေမဲ့ ကိုယ်က ပိုဖတ်စေချင်တဲ့စာအုပ်ကျရင် နှစ်အုပ်ယှဉ်သွားတယ်။ ဒီစာအုပ်ဖတ်ရင် ၅၀၀ ရမယ်၊ ဒီစာအုပ်ဖတ်ရင်တော့ ၁၅၀၀။ အဲ့ဒါဆို ကလေးက ၁၅၀၀တန် ကောက်ကိုင်ပြီးသားပဲ။(ရယ်လျက်) အဲ့လိုမျိုးပေါ့လေ။ နောက်ပိုင်းကျတော့ သူတို့ကို ဘာလုပ်ထားလဲဆိုတော့ အဲ့စာအုပ်နဲ့ပတ်သတ်ပြီး discuss(ဆွေးနွေး)တာပါ လုပ်တာ။ကဲ သမီး ဒီစာအုပ်ထဲမှာ ဘာအကြောင်းလဲ။ ဘာညာဆိုပြီးတော့။ မဟုတ်ရင် မဖတ်ပဲ ရွှီးပြီး လာတောင်းမှာစိုးလို့။အဲ့ဒါ သမီးရော၊ သားရော ငယ်ငယ်လေးကတည်းက မမေ့တော့ဘူး။ သူတို့ဖတ်ကတည်းက ကျွန်တော်နဲ့ ဆွေးနွေးရမယ်ဆိုတဲ့ အသိနဲ့ ဖတ်တော့ သူတို့ သာမန်ကာလျှံကာ ပြီးပြီးရော၊ ဟိုလှန်ဒီလှန် အဲ့လိုမျိုး မလာတော့ဘူး။

မြန်မာတစ်ပြည်လုံးပထမဆုရှင်ရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ အားပေးစကားကတော့

သုတရဲမိုး - ကျွန်တော် Civil Engineer တစ်ယောက် ဖြစ်ချင်ပါတယ်။ လောလောဆယ်တော့ နည်းပညာတက္ကသိုလ်တက်ဖို့ စီစဉ်ထားပါတယ်။ဒီမှာ ဘွဲ့တစ်ခုခု ယူပြီးရင် ပြည်ပတက္ကသိုလ်တစ်ခုခုမှာ ပညာသင်ဆုလျှောက်ပြီး ဆက်တက်ဖို့ အစီအစဉ်ရှိပါတယ်။

အားပေးစကားကတော့ အစဉ်တစိုက် ကြိုးစားနေပါ။အမြဲကြိုးစားပါ။ စိတ်ဓာတ်ကျတဲ့အချိန်တိုင်း ကျရှုံးတဲ့အချိန်တိုင်း မလဲသွားပဲ ပြန်ထပါ။နောက်တစ်ခုကတော့ နေ့တိုင်း စာကို ပုံမှန်ကျက်စေချင်တယ်။ ကျူရှင်တွေ အများကြီးမယူစေချင်ဘူး။ တစ်ဘာသာကို သုံး၊လေး၊ငါးယောက်၊ တချို့ဆို ဆရာတွေ အများကြီးနဲ့ သင်တယ်။ အဲ့လို မဖြစ်စေချင်ဘူး။ ဆရာတစ်ယောက်တည်းကိုပဲ ယုံယုံကြည်ကြည်နဲ့ သင်တာကို သေသေချာချာ လုပ်စေချင်တယ်။ နောက် ကိုယ်ပိုင်စာကြည့်ချိန်ကို များများ ထားစေချင်တယ်။ ဘယ်ကပဲ ဖြစ်ဖြစ် စစ်တဲ့ စာမေးပွဲတွေကို ဂရုတစိုက်နဲ့ တလေးတစား ဖြေဆိုစေချင်တယ်။ နောက်ပြီးသွားတော့ ဘုရားတရားလုပ်စေချင်တယ်။မိဘဆရာတွေကို မပြစ်မှားမိပါစေနဲ့၊ ရိုသေကိုင်းရှိုင်းပါလို့ ပြောချင်ပါတယ်။

ခေါက်ရိုးကျိုးပညာရေးစနစ်လို့ ဝေဖန်ခံနေရတဲ့ မြန်မာ့ပညာရေးစနစ်အပေါ် သူ့အမြင်ကတော့

သုတရဲမိုး - ဒီပညာရေးစနစ်ကို လက်ရှိအစိုးရကလည်း ပိုပြီး တိုးတက်ပြောင်းလဲလာအောင် လုပ်ဆောင်နေပါတယ်။ အဲ့ဒီပညာရေးစနစ်ကို ထိုင်ပြီးတော့ အပြစ်တင်နေမယ့်အစား ကိုယ့်လိုအပ်ချက်တွေ၊ အပိုင်းတွေကို ပြုပြင်ပြောင်းလဲပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပါလို့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly