သစ်ပင်စိုက်တဲ့ အလေ့အထ လုပ်ကြဖို့ သမ္မတ ဦးထင်ကျော် တိုက်တွန်း

သစ်ပင်စိုက်တဲ့ အလေ့အထ လုပ်ကြဖို့ သမ္မတ ဦးထင်ကျော် တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန် ၂၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ သဘာဝပတ်ဝန်းကျင်အတွက် သစ်ပင်စိုက်ကြရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်သူများကို တိုက်တွန်းလိုက်သည်။

“သစ်ပင်စိုက်ဖို့က လိုမှာပဲ။ စိမ်းလန်းစိုပြေပြီးတော့မှ ဒါမှ သဘာဝကိုလည်း ထိန်းပေးနိုင်တယ်။ နောက် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်တယ်ဆိုတာ အဆိုရှိပါတယ်။ ဒါကြောင့်မို့လို့ အင်မတန်လုပ်သင့်တဲ့ အလေ့အထ တစ်ခုပါ” ဟု သမ္မတ ဦးထင်ကျော်က ပြောသည်။

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်း၊ မိုင်တိုင်အမှတ် (၂/၄)နှင့် (၂/၅)ကြားတွင် ဇွန်လ ၂၀ရက် နံနက်ပိုင်းကပြုလုပ်သည့် ၂၀၁၇ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသည့် နိုင်ငံတော်သမ္မတက မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မြန်မာ ပိတောက်၊ မဟော်ဂနီ၊ ယင်းမာ၊ တမာ၊ ငုရွှေ၊ ပန်းမဲဇလီ၊ မဲဇလီ၊ ရေသင်းဝင်၊ စိန်ပန်း၊ ပနားမားငု၊ တမလန်း၊ မန်ကျည်း၊ ခရေ၊ မယ်ဇယ်၊ သင်္ဘောတည်၊ ပျဉ်းမ၊ သပြေဖြူနှင့် မဏိသြဃ အပါအဝင် ပျိုးပင်စုစုပေါင်း ၄၀၀ ကိုစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတက သတ်မှတ်နေရာတွင် အောင်သပြေပင်ကို စိုက်ပျိုး ပေးပြီး ဒုတိယသမ္မတများက ရတနာတန်းဝင်ကျွန်းပင်များကို လည်းကောင်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက တမလန်းပင်ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာပိတောက်ပင်ကိုလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်က ပျဉ်းကတိုးပင် ကိုလည်းကောင်း သတ်မှတ်နေရာများတွင် စိုက်ပျိုးကြသည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

တိုင်းနှင့်ပြည်နယ် အသီးသီးတွင်လည်း ယမန်နေ့က ကျရောက်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် NLD ပါတီဝင်များဦးဆောင်ပြီး သစ်ပင်များ စိုက်ပျိုးလျက်ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required