ပေါ်တူဂီတွင် လောင်ကျွမ်းနေသည့် တောမီးကြောင့် သေဆုံးသူဦးရေ ၆၄ ဦးအထိ မြင့်တက်လာ

ပေါ်တူဂီတွင် လောင်ကျွမ်းနေသည့် တောမီးကြောင့် သေဆုံးသူဦးရေ ၆၄ ဦးအထိ မြင့်တက်လာ

ဇွန် ၂၀ ။                ။ ပေါ်တူဂီနိုင်ငံတွင် တောမီးများ အကြီးအကျယ် လောင်ကျွမ်းနေလျက်ရှိပြီး လက်ရှိအချိန်ထိ သေဆုံးသူဦးရေမှာ ၆၄ ဦးထက်မနည်း ရှိလာခဲ့ပြီ ဖြစ်ကြောင်း အာဏာပိုင်များက   ပြောသည်။ 

အလားတူ တောမီးများကြောင့် ထိခိုက်ဒဏ်ရာရသူဦးရေမှာလည်း ၁၃၅ ဦးကျော်လာခဲ့ပြီဖြစ်သော်လည်း ယခုထက်ထိ ငြှိမ်းသတ်နိုင်ရန် ခက်ခဲနေလျက်ရှိသည်။

အဆိုပါ တောမီးမှာ Leiria ဒေသတွင် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက် နေ့လည် ၃ နာရီက စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၈ ရက် ညနေပိုင်းအထိ တောမီးများ၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြောခဲ့သော်လည်း ယခုလက်ရှိအချိန်ထိ အပြည့်အဝထိန်းချုပ်ငြှိမ်းသတ်နိုင်ရေး ရုန်းကန်နေရလျက်ရှိသည်။

လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းလွန်းနေခြင်း၊ လေပြင်းထန်နေခြင်းတို့က တောမီးငြှိမ်းသတ်နေသော မီးသတ်သမားများကို အခက်တွေ့စေလျက်ရှိကာ မီးပိုမိုကူးစက်ပြန့်နှံ့မှုကို အားပေးနေလျက်ရှိသည်။

မီးတောက်များက လျင်လျင်မြန်မြန် ကူးစက်ပြန့်နှံ့နေလျက်ရှိပြီး အနီးအနားဒေသခံများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်။

ယခုနောက်ဆုံးရ စာရင်းများအရ သေဆုံးသူ ၆၄ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၃၅ ဦး တို့ရှိနေပြီး ၎င်းတို့ထဲတွင် မီးသတ်သမား ၁၃ ဦး၊ အရပ်သား ၁၂၁ ဦး နှင့် ရဲတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

မီးသတ်သမား ၁,၀၀၀ နှင့် မီးသတ်ယာဉ် အစီး ၄၀၀ တို့ဖြင့် အဆိုပါတောမီးများကို ဆက်လက်ကြိုးပမ်းငြှိမ်းသတ်နေလျက်ရှိကြောင်း သိရသည်။

ယင်းနိုင်ငံအတွက် စပိန်၊ အီတလီနှင့် ပြင်သစ်တို့မှလည်း မီးငြှိမ်းသတ်ရေး အကူအညီများ စေလွှတ်ပေးပို့ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly